Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် မြို့ ၂မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

ရက္ခိုင်တွင် မြို့ ၂မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

AB News – ဖေဖော်ဝါရီလ ၁၄၊ ၂၀၂၄

ရက္ခိုင်ပြည်ရှိ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ် ၃ဖွဲ့၏ ထုတ်ပြန်ချက်တွင် “အကြမ်းဖက်စစ်ရှုံးစစ်ကောင်စီ၏ Y-12 ထောက်ပို့လေယာဉ်တစ်စီးသည် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးဝန်းကျင်နေရာများသို့ လေကြောင်းမှ ဗုံးအလုံးပေါင်း ၃၀ ထက်မနည်း လာရောက်ပစ်ချတိုက်ခိုက်ခဲ့သည်” ဟု ဖော်ပြထားသည်။

စစ်​ကောင်စီအဖွဲ့၏ အဆိုပါလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဂုံးချွိန်တိုက်နယ်၊ ကုလာဘာကျေးရွာ၊ အူချေထောင့်မှ အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ် ၄ လုံးမှာ ရန်သူ့ဗုံးစထိမှန်၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကုလားဘာ၊ မင်းတတ်တောင်၊ နပျိုးချောင်း၊ ပြိုင်းစေ့ကေရွာများမှ ဒေသခံများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရမ်းဗြဲမြို့ကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ကျော် ပြုလုပ်ခဲ့ကြောင်း ယ​မန်နေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် “ရက္ခိုင်ဒေသတိုက်ပွဲများ၌ နေ့တိုင်းအရှုံးပေါ်နေသည့်စစ်ကောင်စီသည် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား အငြိုးကြီးစွာဖြင့် ကြည်း၊ ရေ၊ လေ တပြိုင်နက်တည်းပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး ယုတ်မာစွာဖြင့် မြို့အားဖျက်ဆီးလျက်ရှိပြီ ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် တစ်ရက်တည်းတွင်ပင် စစ်ကောင်စီသည် ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်နေရာများသို့ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ၇ ကြိမ်ထက်မနည်း၊ Y-12 ထောက်ပို့လေယာဉ်ဖြင့်လည်း ၃၇ ကြိမ်တိုင်လာရောက်၍ အကြိမ်ပေါင်း ၁၀၀ ကျော် အပြင်းအထန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်” ဟု ဖော်ပြထားသည်။

သိမ်တောင်ဘုရားကုန်းထက်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှလည်း ယမန်နေ့၊ နံနက် ၆ နာရီ ၅၆ မိနစ်မှစတင်၍ နေ့လယ် ၃ နာရီခန့်အချိန်ထိ လက်နက်ကြီးအရေအတွက် ၇၆ ကြိမ်ထက်မက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ကလိန်တောင်မြစ်၊ တိန်ချောင်းဝနှင့် သလူချောင်းဝအကြားတွင် ရပ်နားထားသည့် စစ်ကောင်စီ၏ ဇက်သင်္ဘော ပေါ်မှ လက်နက်ကြီးများဖြင့် နံနက် ၁၀ နာရီကျော်မှစတင်ပြီး ညနေ ၃ နာရီခွဲကျော်ထိ ရာချီနီးပါးသော လက်နက်ကြီး အကြိမ်အရေအတွက်အား တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုများကြောင့်  ရမ်းဗြဲမြို့ ကိုယ်ရံတောင်စေတီနှင့် အောင်ချမ်းသာစေတီအနီးပတ်ဝန်းကျင်‌နေရာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သကဲ့သို့ ရမ်းဗြဲမြို့ပေါ်ရပ်ကွက်အချို့မှ လူနေအိမ် အပါအဝင် အဆောက်အအုံတချို့မှာလည်း မီးလောင်ပျက်စီးခဲ့ရသည်။

Website
www.arakanbaynews.com   
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ