Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထားသည့်အတွက် ပြည်သူများ သတင်းအမှောင်ချ ခံထားရ

ရက္ခိုင်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထားသည့်အတွက် ပြည်သူများ သတင်းအမှောင်ချ ခံထားရ

AB News – ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ စ၍ စစ်ကောင်စီအဖွဲ့က ဖုန်းလိုင်း၊ အင်တာနက်လိုင်းဆက်သွယ်ရေးများကို ရက္ခိုင်ပြည် မြို့အချို့၌ ဖြတ်တောက်ထားသည့်အတွက် ပြည်သူများသည် ရက္ခိုင်နှင့်ကမ္ဘာတစ်လွှားတွင် ဖြစ်ပေါ် ပြောင်းလဲနေသည့် သတင်းမှန်များကို ရယူ သိရှိခွင့် မရဘဲ သတင်းအမှောင်ချခြင်း ခံနေကြရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရက္ခိုင်ပြည်တွင်း စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဥ်ရက်ဆက်ပြုလုပ်လျက်ရှိနေပြီး ၎င်းတို့ကျူးလွန်နေသည့် သတင်းများကို ဖုံးကွယ်ရန် ဖုန်းလိုင်း၊ အင်တာနက်လိုင်းဆက်သွယ်‌ရေး ဖြတ်တောက်ထားခြင်းဖြစ်သည်ဟု စစ်တွေမြို့ ဒေသခံ ၁ဦးက AB News သို့ ပြောကြားသည်။

“ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ရက်က စပြီးတော့ ရက္ခိုင်က မြို့အချို့မှာ ဖြတ်တောက်ထားတာပါ။ အဲ့အချိန်က စပြီး ပြည်သူတွေဟာ သတင်းတွေ ဖတ်ခွင့်မရတော့ဘူး။ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ လူ့အခွင့်အရေးကို ရက်ရက်စက်စက် ချိုးဖောက်နေတဲ့ စစ်ကောင်စီဟာ ဒီလိုဖြစ်အောင် အကွက်ကျကျ စီစဉ်ထားတာ ဖြစ်တယ်လို့ ပြောချင်ပါတယ် ” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ရက္ခိုင်ပြည်ရှိ မြို့ များတွင် Mytel ဖုန်းလိုင်း အနည်းငယ်သာ ဆက်သွယ်၍ ရပြီး MPT၊ Ooredoo၊ Atom စသည့် အော်ပရေတာများမှ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို လုံးဝဖြတ်တောက်ထားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် ဖုန်းလိုင်း၊ အင်တာနက်လိုင်း မဖြတ်တောက်မီအချိန်ကတည်းက ၎င်းတို့ ယန္တရားများ လည်ပတ်နေသည့် ရုံးများကို ဖုန်းလိုင်း၊ အင်တာနက်လိုင်းများရရှိရေးအတွက် ကြိုတင်စီမံခဲ့ပြီး ပြည်သူများကို အဆက်အသွယ်ပြတ်တောက်သွားရန် ရည်ရွယ်ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်သွားသည့်အချိန်မှ စပြီး မိသားစုများနှင့် အဆက်အသွယ် ပြတ်သွားခဲ့သောကြောင့် ရက္ခိုင်ပြည်မှ မိသားစုအတွက် အလွန်စိုးရိမ်နေသည်ဟု မင်းပြားမြို့မှ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသား ၁ဦး က ပြောဆိုသည်။

“ရက္ခိုင်မှာ လိုင်းပြတ်သွားကတည်းက မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်။ အိမ်မှာက အသက်အရွယ်ကြီးနေတဲ့ အဖေ၊ အမေနဲ့ ညီမလေး ကျန်ခဲ့တယ်။ ကြားရတာကတော့ ကျနော်တို့ရွာတွေ မီးလောင်သွားပြီလို့ သိရတယ်။ မိသားစုတွေအတွက် အလွန်စိတ်ပူနေတာ” ဟု ဆိုသည်။

ယခုကဲ့သို့ သတင်းအမှောင်ချထားချိန်တွင် စစ်ကောင်စီအဖွဲ့၏ ဝသီအတိုင်း အရပ်သားပြည်သူများကို လူမဆန်စွာ ဖမ်းဆီး၊ ပစ်သတ် သတ်ဖြတ်လာမည်ကို ရက္ခိုင်ပြည်ရှိ ပြည်သူတရပ်လုံး အလွန်အမင်း စိုးရိမ်းကြောင့်ကြလျက်ရှိနေကြသည်။

ထို့အပြင် အင်တာနက်လိုင်း ဖုန်းလိုင်း ဖြတ်တောက်ခံထားရသည့်အတွက် အွန်လိုင်းငွေလွှဲ ငွေထုတ် စနစ်များ ရပ်တန့်သွားကာ ပြည်တွင်း ပြည်ပတွင် အလုပ်လုပ်ပြီး မိသားစုကို လုပ်ကျွေးနေကြသူများမှာလည်း ငွေလွှဲ၍ မရဖြစ်နေပြီး ရက္ခိုင်တွင် ရှိနေသည့် မိသားစုများမှာလည်း အငတ်ဘေး အကြပ်အတည်းဖြင့် ရင်ဆိုင်နေကြရသည်။

ရက္ခိုင်တွင် တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာလ ၁၃ ရက် ၂၀၂၃ နေ့မှစ၍ စစ်ကောင်စီက ရက္ခိုင်တပြည်နယ်လုံးအား ကုန်းလမ်း ရေလမ်း ခရီးသွားလာခွင့်များကို လုံးဝ အလုံးစုံ ပိတ်ထားခဲ့သည်။

အင်တာနက်လိုင်း ဖုန်းလိုင်း ဖြတ်တောက်ခံထားရခြင်းမှာ နိုင်ငံသားတိုင်း သတင်းများကို လွတ်လပ်စွာ ရယူခွင့်နှင့် ဖော်ထုတ်ခွင့်ဆိုင်ရာ လူ့အခွင့်အရေးကို ချိုးဖောက်ခံနေရခြင်းဖြစ်သည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ