Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် နိုင်ငံတကာအကူအညီများရရှိရန် ပြည်သူများ လိုအပ်နေ

ရက္ခိုင်တွင် နိုင်ငံတကာအကူအညီများရရှိရန် ပြည်သူများ လိုအပ်နေ

AB News – ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရက္ခိုင်ပြည်အတွင်းရှိ မြို့များမှ အရပ်သားပြည်သူများမှာ နိုင်ငံတကာအကူအညီများရရှိရန် လိုအပ်လျှက်ရှိသည်။

ရက္ခိုင်ပြည်ရှိ ပြည်သူများမှာ တိုက်ပွဲများကြား ုယ်သူမဲ့ဖြစ်ကာ လူ့အခွင့်အရေးချိုးဖောက်မှု၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု စသည်တို့ကို နေ့စဥ်ရင်ဆိုင်ရလျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်အတွင်း ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ခဲ့သောကြောင့် ပြည်သူများမှာ စားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ စက်သုံးဆီများ ပြတ်တောက်ခဲ့ရသည်။

ယခုအချိန်ထိ ရက္ခိုင်ပြည်တွင် လမ်းပန်း ဆက်သွယ်ရေး များပြတ်တောက်နေသည့်အပြင် စစ့ကောင်စီ၏ ပိတ်ဆို့ခြင်းခံနေရသည့် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ သံတွဲမြို့များမှ မြို့ခံပြည်သူများမှာလည်း စစ်ဘေးကင်းနိုင်မည့် နေရာများသို့ ရွေ့ပြောင်းနိုင်ရန် နိုင်ငံတကာအကူအညီများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ၏ ပြည်နယ်အုပ်ချုပ်ရေးရုံးအခြေစိုက်ထားသည့် စစ်တွေမြို့တွင် အရပ်သားပြည်သူအချို့ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသည့် အပြင် ကျန်ရှိနေသည့် အပြစ်မဲ့ပြည်သူများကို မြို့ပြင်မထွက်နိုင်အောင် ပိတ်ဆို့ထားကြောင်း စစ်တွေမြို့ခံ ၁ဦးက AB News သို့ ပြောကြားသည်။

“ကျမတို့ အရမ်းကြောက်လန့်နေရတယ်။ ဘေးပတ်ပတ်လည်မှာ သူတို့(စစ်ကောင်စီ) တပ်တွေက အကုန်လုံးနေရာယူထားတော့ အပြင်မထွက်ရဲဘူး။ ညမထွက်ရ အမိန့်ထုတ်ထားတယ်လို့ ပြောသံကြားတော့ နေမကောင်းတာတောင် ဆေးခန်းသွားမပြရဲဘူး။ ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရတော့ ဘာမှလည်း မသိရ။ အခုဆိုရင် ကျမတို့ဟာ ကူရာကယ်ရာ မဲ့နေတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ရက်နေ့မှစကာ အာဏာသိမ်းစစ်ကောင်စီသည် ရက္ခိုင်ပြည်ရှိ မြို့အချို့ကို ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ကာ ပြည်သူများကို သတင်းအမှာင်ချထားခဲ့ပြီး ယခုအချိန်ထိ ရက္ခိုင်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရဆဲဖြစ်သည်။

စစ်ကောင်စီသည် လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် တိုက်လေယာဥ်၊ စစ်ရဟတ်ယာဉ်၊ Y12 ဗုံးကြဲလေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပေါက်တောမြို့ ၁မြို့လုံး မီးလောင်ပျက်စီးခဲ့ရသည့်အပြင် ရမ်းဗြဲမြို့ကိုလည်း ကြိမ်ဖန်များစွာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရမ်းဗြဲမြို့၊ ကင်းတဲရပ်ကွက် မီးလောင်ကျွမ်းခဲ့ရသည်။

ရမ်းဗြဲမြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်အဆောက်အအုံများ ပျက်စီးခဲ့ရသည်သာမက ရမ်းဗြဲမြို့ပြည်သူ့ဆေးရုံကြီးမှာလည်း ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် ပြည်သူများမှာ ဆေးကုသမှု ခံယူနိုင်ရန် အခက်အခဲဖြစ်နေကြောင်း မြို့ခံ ၁ဦးက AB News သို့ ပြောကြားသည်။

“စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်။ ဆေးရုံတွေအပါအဝင် ပြည်သူတွေ ခိုလှုံလေ့ရှိတဲ့ ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်တယ်။ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာရတဲ့ပြည်သူတွေ အများကြီးရှိနေတယ်။ ဒဏ်ရာရထားသူတွေဟာ ဆေးကုသမှုတောင် မခံယူခဲ့ရဘဲ သေဆုံးသွားတာ ရှိတယ်။ စစ်ကောင်စီ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်။ နိုင်ငံတကာကလည်း ဒီအတိုင်း ထိုင်ကြည့်နေတယ်” ဟု ဆိုသည်။

ထို့အပြင် ပေါက်တောမြို့အတွင်း မြို့ခံ ၁၀၀ကျော်မှာ လူသားဒိုင်းကာအဖြစ် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၃၀ကျော်ထက်မနည်းကို လောကထိပ်ပန်ဆုတောင်းပြည့် အနီးရှိ ဗိမာန်တော်တွင် စစ်ကောင်စီက ပစ်သတ်ခဲ့သည်။

ပြီးခဲ့သည် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၌ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မများဖြင့် အချုပ်ခန်းအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသည့် သတင်းထောက် ၁ဦးအပါအဝင် ၆ဦးကို စစ်ကောင်စီက လူမဆန်စွာ ပစ်သတ်အလောင်းဖျောက်ခဲ့ပြီး မင်းပြားမြို့တွင်လည်း စစ်ကောင်စီက ဖမ်းဆီးထားသည့် အချုပ်သား ၂ဦးကို ပစ်သတ်ခဲ့သည်။

မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းကောင်စီသည် ယခင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်တွင် ပြဌာန်းခဲ့သည့် စစ်မှုမထမ်းမနေရ ဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက် အရပ်သားပြည်သူများအား လက်ရဲဇက်ရဲ ဖမ်းဆီးလာနေသည်ကို တွေ့ရသည်။

ရန်ကုန်မှ ပြန်လာသည့် ရက္ခိုင်ပြည်သူများကို ကျောက်ဖြူလေဆိပ်၊ စစ်တွေလေဆိပ်၊ အမ်းလေဆိပ်တို့တွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး အများစုကာ ဖမ်းထားကာ သံတွဲ၊ တောင်ကုတ်မြို့များတွင်လည်း စစ်မှုထမ်းဆောင်ရန် စာရင်းကောက်ခံလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေသောကြောင့် အပြစ်မဲ့ပြည်သူများမှာ ဥပဒေမဲ့စွာ ဖမ်းဆီး၊ သတ်ဖြတ်ခံနေရပြီး ရက္ခိုင်ပြည်သူများ၏ အိုးအိမ်၊ တိုက်တာများ ဆုံးရှုံးနေရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ