Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် တိုက်ပွဲ ၃၅ရက်အတွင်း သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရသူ ၁၀၁ ဦးထက် မနည်းရှိလာ

ရက္ခိုင်တွင် တိုက်ပွဲ ၃၅ရက်အတွင်း သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရသူ ၁၀၁ ဦးထက် မနည်းရှိလာ

(ပေါက်တောမြို့အပါအဝင် ဈေး၂ ဈေး နှင့် ကျေးရွာ ၃ရွာအား စစ်ကောင်စီက မီးရှို့)

AB News- ဒီဇင်ဘာ ၁၈၊ ၂၀၂၃

ရက္ခိုင်ပြည်နှင့် ပလက်ဝမြို့တို့တွင် နိုဝင်ဘာလ ၁၃ရက်နေ့မှ စတင်၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား ဖြစ်ပွားခဲ့သည့် ရက္ခိုင်တိုက်ပွဲ ၃၅ ရက်အတွင်း အရပ်သားသေဆုံးသူ ၄၃ဦးရှိပြီး ဒဏ်ရာရသူ ၁၀၁ ဦးထက်မနည်းရှိခဲ့ကြောင်း AB News ၏ သတင်းမှတ်တမ်းများအရ သိရသည်။

Arakan Bay News-ABN မှ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ရက္ခိုင်ပြည်တွင်း မီဒီယာများတွင် သတင်းဖော်ပြထားသည်ကို စုစည်းထားခြင်းဖြစ်သည်။

AB News မှ စာရင်းပြုထားချက်အရ သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရသူ ၁၀၁ ဦးထက်မနည်းရှိသည်။

သေဆုံးသူ ၄၃ ဦးထဲတွင် အမျိုးသမီး ၁၅ ဦး၊ အမျိုးသား ၂၂ ဦးနှင့် အမည် ကျား/မ မသိသူ ၅ ဦးတို့ဖြစ်ပြီး အသက် ၁၈နှစ်မပြည့်သူ ကျား ၂ဦး၊ မ ၃ ဦးတို့ပါဝင်သည်။

ဒဏ်ရာရရှိသူ ၁၀၁ ဦးတို့တွင် ကျား ၄၉ဦး၊ မ ၄၆ ဦး၊ အမည်၊ကျား၊မ မသိသူ ၆ဦးဖြစ်ပြီး အသက် ၁၈နှစ်မပြည့်သူ ကျား ၁၂ဦးနှင့် မ ၁၀ဦးတို့ ပါဝင်သည်။

သေဆုံးခဲ့သူများမှာ ပေါက်တောမြို့မှ ၁၅ဦး၊ မင်းပြားမြို့မှ ၅ဦး၊ ကျောက်တော်မြို့မှ ၃ဦး၊ မြောက်ဦးမြို့မှ ၃ဦး၊ အမ်းမြို့မှ ၃ဦး၊ ရသေ့တောင်မြို့မှ ၁ဦး၊ ဘူးသီးတောင်မြို့မှ ၄ဦး၊ မောင်တောမြို့မှ ၂ဦး၊ ပလက်ဝမြို့မှ ၂ဦးနှင့် စစ်တွေမြို့မှ ၃ဦး တို့ ဖြစ်သည်။

ဒဏ်ရာရရှိခဲ့သူများမှာ မင်းပြားမြို့မှ ၃၄ဦး၊ ရသေ့တောင်မြို့မှ ၆ဦး၊ ကျောက်တော်မြို့မှ ၆ဦး၊ အမ်းမြို့မှ ၈ဦး၊ မြေပုံမြို့မှ ၆ဦး၊ မြောက်ဦးမြို့မှ ၄ဦး၊ ဘူးသီးတောင်မြို့မှ ၈ဦး၊ ပုဏ္ဏားကျွန်းမြို့မှ ၆ဦး၊ မောင်တောမြို့မှ ၆ဦး၊ ပေါက်တောမြို့မှ ၆ဦး၊ စစ်တွေမြို့မှ ၈ ဦးနှင့် ပလက်ဝမြို့မှ ၂ ဦးတို့ ဖြစ်သည်။

စစ်ကောင်စီအဖွဲ့၏ လက်နက်ကြီး၊ လက်နက်ငယ်၊ နေဗီများနှင့် စစ်ရဟတ်ယာဥ်များမှ ပစ်ခတ်မှုကြောင့် ရက္ခိုင်ပြည်ရှိ မြို့ရွာများမှ အရပ်သားပြည်သူ ၁၄၄ ဦးထက်မနည်း ထိခိုက်၊ သေဆုံးခဲ့ရသည်။

ထို့အပြင် ရက္ခိုင်ပြည်တွင် နိုဝင်ဘာလ ၁၃ရက်နေ့မှ စ၍ စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့သည် ပေါက်တောမြို့အပါအဝင် ပေါက်တောမြို့မဈေး၊ ​ပုဏ္ဏားကျွန်းမြို့မဈေး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ရဲရိုးပြင််ရွာ၊ ခမောင်းတောရွာနှင့် ပေါက်တောမြို့နယ်မှ မနော်သီရိရွာတို့အား မီးရှို့ဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ရက်နေ့၊ မနက် ၉နာရီ ၃၀မိနစ်အချိန်တွင် ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီရေတပ်မှ လက်နက်ကြီး ပစ်ခတ်သောကြောင့် ပေါက်တောမြို့ အကွက် ၂နှင့် ၃ရှိ နေအိမ်များနှင့် လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားအနီးရှိ အဆောင်များ ၂ကြိမ်တိုင်တိုင် မီးလောင်ခဲ့သည်။

နိုဝင်ဘာလ ၂၅ရက်နေ့ နေ့လည် ၁၂နာရီကျော်အချိန်တွင်လည်း စစ်ကောင်စီ နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပေါက်တောမြို့တွင် ဈေးဆိုင်များနှင့် သစ်ဆိုင်များ မီးလောင်ပြာကျခဲ့ရသည်။

နိုဝင်ဘာလ ၂၈ရက်၊ နေ့လည် ၁၂နာရီ ၄၀မိနစ်ကျော်တွင် စစ်ကောင်စီအဖွဲ့မှ ပေါက်တောမြို့ပေါ်သို့ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲချမှုကြောင့် ရက်ကွက် ၃မှ အိုးအိမ်၊ တိုက်တာများ မီးလောင်ပျက်စီးခဲ့ရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် ပေါက်တောမြို့နယ် မနော်သီရိရွာအား စစ်ကောင်စီအဖွဲ့ ရေတပ်နေဗီမှ ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်သားများသည် မနော်သီရိရွာမှ အိမ် ၁၉ဆောင်အား မီးရှို့ဖျက်ဆီးခဲ့သည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက်နေ့၊ နေ့လည် ၂နာရီ ၃၀မိနစ်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ရွာအနီး ကုလားတန်မြစ်၌ ကျောက်ချထားသည့် စကစ ရေတပ် နေဗီမှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပုဏ္ဏားကျွန်းမြို့မဈေး မီးလောင်ပြာကျခဲ့ရသည်။

၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့ နေ့လည် ၂နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ နေဗီတပ်အဖွဲ့က ရွာထဲသို့ဝင်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာနှင့် ခမောင်းတောရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ပေါက်တောမြို့နှင့် ပေါက်တောမြို့မဈေးအား ၆ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်လည်း စစ်ကောင်စီအဖွဲ့သည် ရမ်းဗြဲမြို့အား ရဟတ်ယာဥ်၊ ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပြီး ပျက်စီးမှု၊ ထိခိုက်မှု၊ သေဆုံးမှုများကိုမူ AB News က ဆက်လက်စုံးစမ်းဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ