Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် တစ်ပတ်အတွင်း စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၄၇ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရ

ရက္ခိုင်တွင် တစ်ပတ်အတွင်း စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၄၇ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရ

AB News – မတ်လ ၁၇၊ ၂၀၂၄

ရက္ခိုင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားပြီး ကြည်း၊ ရေ၊ လေ ပစ်ခတ် တိုက်ခိုက်မှုကြောင့် မတ်လ ၁၁ နေ့မှ ယနေ့ မတ်လ ၁၇ ရက်နေ့အထိ အပြစ်မဲ့ အရပ်သားပြည်သူ ၁၅ ဦးသေဆုံးခဲ့ပြီး ၄၇ဦးထက်မနည်း ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးသူ ၁၅ဦးထဲတွင် အမျိုးသမီး ၇ဦးနှင့် အမျိုးသား ၈ဦးတို့ဖြစ်ပြီး ၁၈နှစ်အောက် အမျိုးသမီး ၁ဦး ပါဝင်နေသည်ကို တွေ့ရသည်။

ဒဏ်ရာရရှိခဲ့သူ ၄၇ ဦးထဲတွင် အမျိုးသမီး ၂၀ဦး၊ အမျိုးသား ၁၆ဦးနှင့် အမည်၊ ကျား/မ မသိသူ ၁၁ဦးတို့ဖြစ်ပြီး ၁၈နှစ်အောက်မပြည့်သူ ကျား ၄ဦးနှင့် မ၅ဦးတို့ ပါဝင်သည်။

ဒဏ်ရာရရှိသူများမှာ မြောက်ဦးမြို့မှ ၁၃ဦး၊ မြေပုံမြို့မှ ၂ဦး၊ ပုဏ္ဏားကျွန်းမြို့မှ ၁၅ဦး၊ စစ်တွေမြို့မှ ၂ဦး၊ ပေါက်တောမြို့မှ ၁၁ဦး၊ ကျောက်ဖြူမြို့မှ ၁ဦးနှင့် ရမ်းဗြဲမြို့မှ ၃ဦးတို့ဖြစ်သည်။

သေဆုံးခဲ့သူများမှာ မြောက်ဦးမြို့မှ ၂ဦး၊ မြေပုံမြို့မှ ၃ဦး၊ ပေါက်‌တောမြို့မှ ၃ဦး၊ ကျောက်ဖြူမြို့မှ ၁ဦး၊ ပုဏ္ဏားကျွန်းမြို့မှ ၂ဦး၊ မင်းပြားမြို့မှ ၃ဦးနှင့် ရမ်းဗြဲမြို့မှ ၁ဦးတို့ဖြစ်သည်။

ယနေ့ မတ်လ ၁၇ ရက်နေ့၊ မနက် ၅နာရီကျော်အချိန်တွင် မြောက်ဦးမြို့အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကြက်လျှာကျွန်းရပ်ကွက်မှ အသက် ၃၇ နှစ်အရွယ် ဒေါ် ဘုဘု သေဆုံးခဲ့ရပြီး အခြားရပ်ကွက်မှ မြိုခံ ၁၁ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မြေပုံမြိုနယ်တွင် စညှင်းတောင်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီအဖွဲက လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယမန်နေ့ မတ်လ ၁၆ရက်နေ့တွင် လယ်တဲတွင်ရှိနေသည့် စညှင်းရွာမှ သားမိသားဖ ၃ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ထိုအပြင် ယမန်နေ့တွင်ပင် စစ်ကောင်စီက မြောက်ဦးမြိုနယ် ပုရိန်‌ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၁၃နှစ်အရွယ် မူဆလင်အမျိုးသား ၁ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၅ရက်နေ့၌ ပုဏ္ဏားကျွန်းနယ်တွင် အကြမ်းဖက် စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ကုန်းတန်းကြိမ်ချောင်းရွာမှ ရွာသား ၉ ဦးနှင့် ကျောက်သံရွာမှ ၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မြောက်ဦးတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မတ်လ ၁၅ရက်၊ နံနက် ၁၀နာရီကျော်အချိန်တွင် ရွာဟောင်းတောရွာမှ အသက် ၁၈နှစ်အောက်အမျိုးသမီးငယ် ၁ဦး သေဆုံးခဲ့ရကာ ကလေးငယ် ၁ ဦးဒဏ်ရာပြင်းထန်စွာရရှိ ခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

အလားတူ စစ်တွေမြို့တွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ စစ်တွေစက်ရုံစုရပ်ကွက်တွင် ကျရောက် ပေါက်ကွဲခဲ့ကာ ယင်းရပ်ကွက်မှ လင်မယား ၂ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၄ရက်ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့သို့ ဈေးဝယ်ရန်လာသည့် ပေါက်တောမြို့နယ်မှ ဒေသခံ ၁၄ဦးမှာ စစ်တွေမြို့၊ ပါတလိတ်စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ ၃ဦး သေဆုံးခဲ့ပြီး ၁၁ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါနေ့တွင် ကျောက်ဖြူမြို့၌ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စနဲတိုက်နယ်၊ ပြုံးပြဲကျေးရွာမှ သက်ကြီးပိုင်းအမျိုးသမီး ၁ဦး သေဆုံးခဲ့ရပြီး ခင်ပွန်းဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ မိသားစု တစ်စုသည် မတ်လ ၁၃ရက်နေ့၌ စစ်ဘေးရှောင်နေရာမှ ဇာတိရွာ တန်းစွယ်ကျေးရွာသို့ ပြန်လာရာတွင် စစ်ကောင်စီအဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ ၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

မတ်လ ၁၃ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းပြားမြို့နယ်၊ ဈေးဟောင်းပိုင်းရပ်ကွက်မှ အမျိုးသား ၁ဦး သေဆုံးပြီး၊ အမျိုးသမီး ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

မတ်လ ၁၁ရက်နေ့တွင် ကျောက်ဖြူမြို့နယ်မှ အမျိုးသား ၂ဦး မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး မတ်လ ၁၃ရက်နေ့တွင် မင်းပြားမြို့မှ အမျိုးသမီး ၁ဦးနှင့် မတ်လ ၁၄ရက်နေ့တွင် အမျိုးသား ၁ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။

Arakan Bay News – ABN မှ မတ်လ ၁၁ရက်‌နေ့မှ ယနေ့ မတ်လ ၁၇ ရက်နေ့အထိ ရက္ခိုင်ပြည်အတွင်း ထိခိုက်၊ သေဆုံးသူများကို ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည့်အတိုင်း စုစည်းတင်ပြထားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရွာများကို အဆက်မပြတ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကိုပါ နေ့စဉ်ရက်ဆက် ပြုလုပ်နေသည်ကို တွေ့ရသည်။

ကုလသမဂ္ဂ (UNOCHA) ၏ မတ်လ ၃ရက်နေ့က ထုတ်ပြန်ချက်အရ ရက္ခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သား ၁၇၀ကျော် သေဆုံးခဲ့ရပြီး ၄၀၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ရက္ခိုင်ပြည်ရှိ အရပ်သားပြည်သူများမှာ မတရားဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံနေရပြီး လက်နက်ကိုင်အဖွဲ့များဖြင့် ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံထားရသူ ၇၀၀ကျော်ခန့် ရှိလာကြောင်း UNOCHAက ထုတ်ပြန်ထားသည်။

Website
www.arakanbaynews.com/

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ