Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ဆေးဝါးပြတ်တောက်

ရက္ခိုင်တွင် ဆေးဝါးပြတ်တောက်

AB News – ဒီဇင်ဘာ ၂၉၊ ၂၀၂၃

စစ်ရေးနေ့စဥ်ရက်ဆက် ပြင်းထန်လျက်ရှိသည့် ရက္ခိုင်ရှိ ဆေးရုံ၊ ဆေးခန်းနှင့် ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်လာနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ရက္ခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က စပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဖက်မှ ရက္ခိုင်ပြည်တွင်း ကုန်းလမ်း၊ ရေလမ်း လမ်းပန်း ဆက်သွယ်ရေးများကို ဖြတ်တောက်လိုက်သည်။

ထိုသို့ စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားသည်မှာ ၄၆ ရက်ကြာပြီဖြစ်ကာ ဗမာပြည်နှင့် ကုန်စည်စီးဆင်းမှုများ လုံးဝ ပြတ်တောက်ပြီး ဆေးဝါးနှင့် အခြေခံ လူသုံးကုန်ပစ္စည်းများ ပြတ်လပ်သွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီသည် ပေါက်တော မြို့မစျေးနှင့် ပုဏ္ဏားကျွန်းမြို့မစျေးများကို ရည်ရွယ်ချက်ရှိရှိ တမင်တကာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဆေးအရောင်းဆိုင်၊ ဆေးကုသခန်းအများအပြား မီးလောင်ကျွမ်းခဲ့ရသည်ကိုတွေ့ရသည်။

ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်များတွင် ဆေးဝါ ပြတ်တောက်မှုကြောင့် နာတာရှည် ရောဂါဝေဒနါ ခံစားနေရသူများနှင့် အမြဲတမ်းမပြတ် ဆေးသောက် ဆေးကုသမှု ခံယူနေရသူများမှာ ဆေးဝါးရရှိနိုင်ရန် အရေးပေါ် လိုအပ်လျက်ရှိသည်ကို တွေ့ရသည်။

ကျေးလက်များရှိလက်လီလက်ကား ဆေးဆိုင်များတွင်လည်း အပူကျဆေးကိုပင် ဝယ်ယူ၍ မရနိုင်တော့ကြောင်း အသက် ၅၀ ကျော်အရွယ်အမျိုးသမီး ၁ ဦးက ပြောသည်။

“မနေ့ကဆိုရင် ကျမသားလေး ဖျားတော့ ရွာက ဆေးဆိုင်ကို ဆေးသွားဝယ်တယ်။ ဆေးဆိုင်မှာလည်း ဆေးတွေက ပြတ်တောက်နေတယ်။ ကျမ သားလေးအတွက် အပူကျဆေးတောင် ဝယ်မရခဲ့ဘူး။ သားလေးကို ရေပတ်တိုက်ပြီးတော့ အပူကျအောင် လုပ်ထားရပါတယ်” ဟုဆိုသည်။

စစ်ကောင်စီသည် ရက္ခိုင်ပြည်ရှိ မြို့များတွင် လမ်းများကို ပိတ်ဆို့ထားသောကြောင့် ကျေးလက်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ မြို့ပေါ်တက်ပြီး သားဖွား၊မီးယပ်ဆရာဝန်များနှင့် ဆေးခန်းသွားရောက်ပြသရန် ခက်ခဲနေကြောင်း ရသေ့တောင်မြို့နယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦးက ပြောသည်။

“အခုလ ဆိုရင် ကျမရဲ့ ကိုယ်ဝန်ဟာ ၅လရှိပြီ။ လမ်း​တွေ ပိတ်ထားတော့ ဗိုက်ထဲက ကလေးကျန်းမာရေးအတွက် ​မြို့တက်ပြီး ဆေးခန်း မပြနိုင်ဘူး။ ကျမက နေလို့လည်း မကောင်းတာ မဟုတ်ဘူး။ ကျမ နေမကောင်းတော့ ဗိုက်ထဲက မျက်နှာမမြင်ရသေးတဲ့ ကလေး တခုခု ဖြစ်မှာ စိုးရိမ်နေတယ်” ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦးက “ကျမတို့ ရွာကို စစ်ကောင်စီ စစ်သားတွေက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ကျမတို့ နေအိမ် ဆုံးရှုံးလိုက်ရတယ်။ အခုဆိုရင် ကျမနဲ့ ကျမရဲ့ယောင်္ကျားဟာ ဒီရွာက ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေရတယ်။ ကျမမှာ ကိုယ်ဝန်က လစေ့နေ့စေ့ ဖြစ်နေပြီ။ ဒီရွာမှာ ဆေးဆိုင်တွေက ဆေးတွေလည်း ပြတ်တောက်နေတယ်။ ဆေးရုံ၊ ဆေးခန်းတွေလည်း မရှိတော့ ကလေးမွေးဖွားရင် အခက်အခဲဖြစ်မှာကို ကြောက်နေတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ရက်နေ့တွင် ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်မှ စစ်ရှောင်လာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦးမှာ စစ်ဘေးရှောင်လာစဥ် လမ်းခုလတ် စက်လှေပေါ်တွင် ကလေးမီးဖွားလိုက်ရကြောင်း သိရှိရသည်။

စစ်ကောင်စီအဖွဲ့က ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသည့်အတွက် လိုအပ်သည့် ဆေးဝါးကုသမှု မရခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်၊ င/တောက်တူရွာမှ ကိုယ်ဝန်သည် ဒေါ်ဌေးဌေးဝင်းသည် ဒိုးတန်းရွာဟောင်းရွာတွင် ကလေးမီးဖွားစဥ် မမီးဖွားနိုင်ဘဲ ဒီဇင်ဘာလ ၅ရက်နေ့တွင် မိခင်ရော ကလေးပါ သေဆုံးခဲ့ရသည်။

မင်းပြားမြို့နယ်မှ နာတာရှည်ရောဂါသည် အမျိုး သား၁ဦးက “ကျနော်က နှလုံးရောဂါကို ခံစားနေရတာ ကြာပြီ။ အသက်ရှု မကြာမကြာ ကြပ်တာကြောင့် အောက်ဆီဂျင်ဘူးတွေ ဆောင်ထားရတယ်။ လမ်းပိတ်ထားတော့ မြို့တက်ပြီး ​​ြအောက်ဆီဂျင်ဘူးလည်း ဖြည့်လို့မရဘူး။ ​ မနေ့ကဆိုရင် အမောဖောက်ပြီး သေမလို ဖြစ်သွားတယ်။ ဆေးတွေလည်း ဝယ်လို့ မရတော့ဘူး” ဟု ဆိုသည်။

စစ်ကောင်စီက ကုန်သွယ်မှုလမ်းကြောင်းများကို ပိတ်ပင်ထားခြင်း၊ စျေးများကိုမီးရှို့ခြင်းကြောင့် ဆေးဝါးဝယ်ယူရန်အတွက် အလွန်အခက်ခဲရှိနေသည်သာမက ရွာအတွင်းရှိ စစ်ဘေးဒုက္ခသည်များကို အချိန်မတော်သွားရောက်ကုသရေးတွင်လည်း အခက်အခဲတွေ့နေရကြောင်း ပုဏ္ဏားကျွန်းမြို့နယ်မှ ဆေးဆရာတစ်ဦးက AB News သို့ပြောသည်။

“သူတို့က ကုန်းလမ်း၊ ရေးလမ်းတွေအကုန်ပိတ်ထားတယ်၊ အခြားတစ်ဖက်မှာလည်း ဆေးဆိုင်တွေရှိတဲ့စျေးတွေကိုမီးရှို့တာတွေရှိတယ်၊ လမ်းကြောင်းမကောင်းတဲ့အခါ ကျနော်တို့ဆေးဝယ်ယူရတာအရမ်းအခက်အခဲဖြစ်သွားတယ်၊ ဘယ်လိုမှဝယ်လို့မရတော့တဲဲ့အခြေအနေထိပေါ့၊ ရွာထဲမှာက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးပိုင်းတွေလည်းရှိတော့ အချိန်မတော်ဆေးကုသပေးနေရတာတွေလည်းရှိတယ်၊ ဆေးကမလုံလောက်တော့ အသက်အန္တရာယ်ရှိတဲ့အထိတောင်ဖြစ်သွားနိုင်တယ်၊ လက်ကျန်ဆေးတွေလည်းမရှိတော့” ဘူးဟု ဆိုသည်။

အချို့ကလေးငယ်များသည် နှာစေး၊ ချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျော့ရောဂါများဖြစ်နေသူများရှိနေပြီး လမ်းခရီးပိတ်ပင်ထားခြင်းကြောင့် အချိန်မီဆေးကုသခွင့်မရရှိကာ ရောဂါဝေဒနာများပိုမိုပြင်းထန်လျက်ရှိသည်ကိုတွေ့ရသည်။

ဆေးဆိုင်အများစုတွင် ပါရာစီတမော့ ဒီကိုလ်ဂျင်၊ အကိုက်အခဲ ပျောက်ဆေးများကိုပင် ဝယ်ယူ၍ မရနိုင်သည့်အတွက် အိမ်တွင်းဆေးနည်းများဖြစ်သော ငရုတ်ကောင်းစေ့၊ ဆနွင်းမှုန့်များနှင့်ဂျင်းပြုတ်ရည်များကိုရောစပ်ပြီး သောက်သုံးနေရသည်ဟု ပေါက်တောမြို့က အမျိုးသမီး ၁ ဦးက AB News သို့ပြောသည်။

“ကျမတို့ကလေးတွေဖျားနာတာတွေရှိတယ်၊ ဆေးတွေလည်း ဝယ်မရဘူး၊ မြို့ကိုသွားဖို့လည်း ပိုက်ဆံမရှိလို့မသွားနိုင်ဘူး၊ မိရိုးဖလာဖြစ်တဲ့ ငရုတ်ကောင်းတွေ၊ ဂျင်းတွေနဲ့ ဆနွင်းမှုန့်တွေကို​ရောစပ်ပြီး တိုက်ရတယ်၊ တိုးတက်နေတဲ့ခေတ်မှာဒီလိုမျိုးတစ်ခါမှမကြုံဖူးပါဘူး” ဟု ဆိုသည်။

စစ်တွေမြို့ပေါ်ရှိ ဆေးဆိုင်ကြီးများတွင် ဆေးဝါးပစ္စည်းအသင့်အတင့်ရှိသော်လည်း ကုန်စျေးနူန်း ၂ ဆထိ မြင့်မားနေသည့်အတွက်ကြောင့် ဆင်းရဲသည့်သူများမှာ ဆေးဝယ်ယူရန်အခက်ရှိနေခြင်း၊ ရက်ကျအလုပ်သမားများလည်း လုပ်အားခငွေနည်းပါးသည့်ကြောင့် ဆေးဝယ်ယူရန် စရိတ် မရှိကြောင်း သိရသည်။

ဆေးဝါးများရှားပါးလာခြင်းသည် ဒေသခံပြည်သူများ၏ အသက်အန္တရာယ်ကို ဆိုးဝါးစွာထိခိုက်လာနိုင်သည့်အတွက် ကျန်းမာရေးအခန်းကဏ္ဍတွင်လည်း မရှိမဖြစ်လိုအပ်နေသော အရာများဖြစ်နေသည်။

လက်ရှိ ၂ ဖက်တိုက်ပွဲအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် ၊ ရသေ့တောင်မြို့နယ်များမှ ဒေသခံပြည်သူ ၃သိန်းခန့်နီးပါး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကာ ဆေးဝါး၊ အခက်အခဲရှိနေခြင်းနှင့် စားနပ်ရိက္ခာများလိုအပ်လျက်ရှိသည်။

ရက္ခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား စစ်ရေး ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပြီး၊ စစ်ကောင်စီကလည်း ပြည်သူများကို ဦးတည်ပစ်ခတ်မှု၊ ဖမ်းဆီးမှု၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးမှုများ ပိုများလာနေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ