Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် စစ်ကောင်စီအဖွဲ့မှ ပေါက်တောမြို့အပါအဝင် ဈေး၂ဈေးနှင့် ကျေးရွာ ၃ရွာအား မီးရှို့ဖျက်ဆီး

AB News – ဒီဇင်ဘာ ၁၀၊ ၂၀၂၃

ရက္ခိုင်ပြည်တွင် နိုဝင်ဘာလ ၁၃ရက်နေ့မှ စ၍ စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့သည် ပေါက်တောမြို့အပါအဝင် ပေါက်တောမြို့မဈေး၊ ​ပုဏ္ဏားကျွန်းမြို့မဈေး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ရဲရိုးပြင််ရွာ၊ ခမောင်းတောရွာနှင့် ပေါက်တောမြို့နယ်မှ မနော်သီရိရွာတို့အား မီးရှို့ဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ရက်နေ့၊ မနက် ၉နာရီ ၃၀မိနစ်အချိန်တွင် သဝင်ချောင်းကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီရေတပ်မှ လက်နက်ကြီး ပစ်ခတ်သောကြောင့် ပေါက်တောမြို့ အကွက် ၂နှင့် ၃ရှိ နေအိမ်များနှင့် လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားအနီးရှိ အဆောင်များ ၂ကြိမ်အထိ မီးလောင်ခဲ့သည်။

နိုဝင်ဘာလ ၂၅ရက်နေ့ နေ့လည် ၁၂နာရီကျော်အချိန်တွင်လည်း စစ်ကောင်စီ နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပေါက်တောမြို့တွင် ဈေးဆိုင်များနှင့် သစ်ဆိုင်များ မီးလောင်ပြာကျခဲ့ရသည်။

နိုဝင်ဘာလ ၂၈ရက်၊ နေ့လည် ၁၂နာရီ ၄၀မိနစ်ကျော်တွင် စစ်ကောင်စီအဖွဲ့မှ ပေါက်တောမြို့ပေါ်သို့ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲချမှုကြောင့် ရက်ကွက် ၃မှ အိုးအိမ်၊ တိုက်တာများ မီးလောင်ပျက်စီးခဲ့ရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် ပေါက်တောမြို့နယ် မနော်သီရိရွာအား စစ်ကောင်စီအဖွဲ့ ရေတပ်နေဗီမှ ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်သားများသည် မနော်သီရိရွာမှ အိမ် ၁၉ဆောင်အား မီးရှို့ဖျက်ဆီးခဲ့သည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက်နေ့၊ နေ့လည် ၂နာရီ ၃၀မိနစ်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ရွာအနီး ကုလားတန်မြစ်၌ ကျောက်ချထားသည့် စကစ ရေတပ် နေဗီမှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပုဏ္ဏားကျွန်းမြို့မဈေး မီးလောင်ပြာကျခဲ့ရသည်။

၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့ နေ့လည် ၂နာရီခွဲအချိန်တွင် အကြမ်းဘက်စစ်ကောင်စီအဖွဲ့မှ နေဗီတပ်အဖွဲ့က ရွာထဲသို့ဝင်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာနှင့် ခမောင်းတောရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ပေါက်တောမြို့နှင့် ပေါက်တောမြို့မဈေးအား ၆ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့သည် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စပြီး ရခိုင်တပြည်လုံးအား ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်ထားပြီး အစားအသောက် ဖြတ်တောက်ရန် ပုဏ္ဏားကျွန်းမြို့ မြို့မဈေးအား မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ