Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တိုက်ပွဲမှာ နိုင်ငံတကာ ကန့်သတ်ထားသည့်အဆိပ်ငွေ့ဗုံးများကို စစ်ကောင်စီအသုံးပြုတိုက်ခိုက်နေ

ရက္ခိုင်တိုက်ပွဲမှာ နိုင်ငံတကာ ကန့်သတ်ထားသည့်အဆိပ်ငွေ့ဗုံးများကို စစ်ကောင်စီအသုံးပြုတိုက်ခိုက်နေ

AB News – ဖေဖော်ဝါရီလ ၉၊ ၂၀၂၄

ရက္ခိုင်ပြည် ရမ်းဗြဲမြို့တိုက်ပွဲတွင် နိုင်ငံတကာက အသုံးမပြုရန် တားမြစ်ကန့်သတ်ထားသည့် အဆိပ်ငွေ့ပါ ဓာတုဗုံးသီးများကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့က အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်ချက်က ဆိုသည်။

ဖေဖော်ဝါရီလ ၇ရက်နေ့က  ထုတ်ပြန်ချက်တွင် “အကြမ်းဖက်စစ်ကောင်စီသည် ရမ်းဗြဲမြို့အား အဆိပ်ငွေ့ဖြင့် တမင်တကာ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကို ဇန်နဝါရီလ (၂၇) ရက်နေ့က ပြုလုပ်ခဲ့သကဲ့သို့ ယနေ့တွင်လည်း ဒုတိယအကြိမ် ပြုလုပ်ခဲ့ပြန်သည်။” ဟုဆိုသည်။

ထိုသို့ ကန့်သတ်လက်နက် အသုံးပြုတိုက်ခိုက်မှုအတွင်း အဆိပ်ငွေ့ ရမ်းဗြဲမြို့အနှံ့ပြန့်နှံ့ရှိခဲ့ကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့က ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မြို့ခံ အမျိုးသမီးတစ်ဦးက AB News သို့အတည်ပြုပြောသည်။

“လေယာဥ်ကနေ ဗုံးကြဲချလိုက်တာပါ။ သိပ်မကြာဘူး အငွေ့တွေ တထောင်းထောင်းထွက်လာတာ မြင်ရပါတယ်။ ကျမတို့လည်း အဝတ်စကို ရေစိုခံပြီး နှာခေါင်းကို အုပ်ထားလိုက်ကြတယ်။ ဘယ်သူတွေ ဘာဖြစ်သွားလဲ ကျမတို့လည်း သွားမကြည့်ရဲတော့ မသိပါဘူး” ဟုဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ အဆိပ်ငွေ့သုံး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျန်းမာရေး ထိခိုက်လာမည်ကို မြို့ခံများ လွန်စွာ စိုးရိမ်နေကြကြောင်း နောက်ထပ် ​အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

” မြို့ကို အဆိပ်ငွေ့နဲ့  ဗုံးကြဲတာ ၂ ခါရှိပြီ။ ဓာတ်ငွေ့အနံ့တွေ မြို့အနှံ့မှာ ပြန့်နေတယ်။ မြို့ခံတွေဟာ ကျန်းမာရေးထိခိုက်လာမှာကို အလွန်စိုးရိမ်နေကြပါတယ်၊ ကျနော်တို့က ဘာမှ သိတာမဟုတ်ဘူး။ ဆေးလည်းမရှိဘူး။ တစ်ခုခုဖြစ်ရင် မလွယ်ဘူး” ဟု ဆိုသည်။

ထို့အပြင် ညီနောင်မဟာမိတ် ၃ဖွဲ့၏ ထုတ်ပြန်ချက်တွင် “ရမ်းဗြဲမြို့တွင် စစ်ကောင်စီသည် နေဗီစစ်သင်္ဘောဖြင့် ယမန်နေ့ ဖေဖော်ဝါရီလ ၈ရက်နေ့ တစ်ရက်တည်း၌ ၂၅ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်” ဟု ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၆ရက်နေ့ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုအတွင်း ရမ်းဗြဲမြို့၊ အမှတ် ၆ ရပ်ကွက်၊ ပုလုတ်တောင်အရပ်နှင့် ရမ်းဗြဲမြို့အနီး ဝန်းကျင်နေရာများသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရသည်။

သိမ်တောင်ကုန်းဘုရားပေါ်ရှိ စစ်ကောင်စီတပ်စခန်းမှလည်း ယမန်နေ့  ဖေဖော်ဝါရီလ ၈ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်မှစ၍ နေ့လယ် ၂ နာရီ ၃၂ဘမိနစ်အချိန်ထိ ရမ်းဗြဲမြို့၊ အမှတ် (၅) လောင်းချောင်းဘက်သို့ လက်နက်ကြီးများဖြင့် ကြိမ်ဖန်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ