Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်နေ၊ အရေးပေါ်အကူအညီများလိုအပ်

AB News-ဒီဇင်ဘာ ၁၅၊ ၂၀၂၃

ရက္ခိုင်ပြည်တွင် တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီတပ်မှ ကုန်းလမ်း၊ ရေလမ်းပိတ်ထားသည့်အပြင် ကူညီကယ်ဆယ်ရေးအဖွဲများဖြစ်သော INGO,NGO,CSO,CBO များအား သွားလာခွင့် ကန့်သတ်ထားခြင်းတို့ကြောင့် ရက္ခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာများပြတ်လပ်ကာ အခက်အခဲကြုံနေရပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူများက AB News သတင်းဌာနအားပြောကြားသည်။

စစ်ကောင်စီအဖွဲ့မှ ရက္ခိုင်ပြည်အတွင်း တကျော့ပြန်စစ်ပွဲဖြစ်ပွားချိန် နိုင်ဝင်ဘာလ ၁၃ ရက်ကတည်းက ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်လိုက်သောကြောင့် နိုင်ငံတကာနှင့် ဒေသခံအဖွဲ့အစည်းများ၏ ကူညီကယ်ဆယ်ရေးမရ၍ ရိက္ခာပြတ်လပ်မှု ဖြစ်နေကြောင်း သိရသည်။

ထို့အပြင်ကုန်စျေးနှုန်းများမှာလည်း အဆမတန် တစ်ဟုန်ထိုးတက်နေသည့်အတွက် ဝယ်ယူစားသောက်ရန် ငွေကြေးမတတ်နိုင်၍ အငတ်ဘေးဖြင့် ကြုံတွေ့နေရသည်ဟု ရသေ့တောင်မြို့နယ် စေတီပြင် စစ်ဘေးရှောင်စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျွန်မတို့က အရင်က ကယ်ဆယ်ရေးရတဲ့ ငွေသုံးလေးသောင်း နဲ့ဆန် ဆီ ဆားတွေကို ချွေတာပြီးစားသောက်နေတာပါ။ အခုတော့ ကယ်ဆယ်ရေး အထောက်အပံ့တွေလည်းမရဘူး။ ဒီကြားထဲ ကုန်စျေးနှုန်းတွေက တအားကြီးနေတော့ ကျမတို့မှာ ထမင်းနပ်မမှန်တော့ဘူး။ ငတ်သေတော့မယ့် အခြေအနေ ရောက်နေပါတယ်” ဟု ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

ရက္ခိုင်မှာ တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ကုန်းလမ်း ရေလမ်းတွေကို စစ်ကောင်စီက ဖြတ်တောက်ထားသည့်အတွက် ရက္ခိုင်ရှိ ဆက်သွယ်ရေး တာဝါတိုင်များတွင် စက်သုံးဆီပြတ်လပ်ကာ ဖုန်းလိုင်းများပါ ပြတ်တောက်သွားသောကြောင့် နိုင်ငံခြားမှ ငွေလွှဲ ငွေပို့များကိုပင် လက်ခံမရ ဖြစ်နေ၍ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြောင်း နောက်ထပ် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောသည်။

“အရင်ကတော့ ကယ်ဆယ်ရေးရတဲ့ပစ္စည်းတွေအပြင် နိုင်ငံခြားမှာရှိတဲ့ သားဆီက ထည့်ပေးတဲ့ ငွေတွေနဲ့စားသောက်ပါတယ်။ အခုတော့ ကယ်ဆယ်ရေးပစ္စည်းတွေကလည်း လုံလုံလောက်လောက်မရတဲ့အပြင် ဖုန်းလိုင်းတွေမရတဲ့အတွက် သားနန့်လည်းအဆက်အသွယ်မရဖြစ်နေတယ်” ဟု မြောက်ဦး တိမ်ညို ကယ်ဆယ်ရေးစခန်းမှ အသက် ၅၃ နှစ် အမျိုးသမီးတစ်ဦးက ဆိုသည်။

၎င်းအပြင် စစ်ဘေးရှောင်များမှာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် နေ့စားအလုပ်များ လုပ်ကိုင်ရန် စခန်းအပြင်သို့ ထွက်၍ အလုပ်မလုပ်ဝံ့ကြတော့ကြောင်း ပြောသည်။

“ဒီနှစ်တိုက်ပွဲ စမဖြစ်ခင်ကတော့ ရပ်ရွာတွေမှာသွားပြီး နေ့စားအလုပ်တွေသွားလုပ်တယ်၊ ကြုံရာကျဗမ်းတွေလုပ်တာပဲ။ ရတဲ့ငွေတွေနဲ့ မိသားစုတွေစားသောက်တယ်။ အခုတော့ လက်နက်ကြီး တွေနဲ့ရမ်းသမ်းပစ်ခတ်နေတော့ အလုပ်လည်းမလုပ်ရဲတော့ဘူး” ဟု ကျောက်တော် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ အသက်၃၅ နှစ်ရှိ အမျိုးသားတစ်ဦးကပြောသည်။

ရက္ခိုင်တွင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့်ရပ်ရွာများအားပစ်ခတ်ခြင်း၊ လေကြောင်းမှ မြိုရွာများအား ရဟတ်ယာဥ်၊ တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများမှာ တစ်နေ့ထက် ထက်တစ်နေ့ ပိုများလာသည်ကို တွေ့ရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်းမှာ အောက်တိုဘာ ၂၆ ရက်ကစပြီး တိုက်ပွဲအရှိန် ပိုမြင့်လာသောကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၅ သိန်းခန့် ထပ်တိုးလာပြီး ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့မှာ စစ်ကောင်စီ နှင့်AA တို့ကြားတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ သိန်းကျော်ထိ ထပ်တိုးလာသည်ဟု သိရသည်။

ရေလမ်း၊ ကုန်းလမ်းများကို ပိတ်ဆိုထားခြင်းကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ခရီးသွားခွင့် မရရှိသလို လမ်းပိတ်ဆို့မှုများကြောင့် ကုန်ဈေးနှုန်းများမှာလည်း အဆမတန်မြင့်တက်လာ၍ ဝင်ငွေနည်းသည့်မိသားစုများမှာ စားဝတ်နေရေးအခက်အခဲပြဿနာဖြင့် ကြုံတွေ့နေရပြီး ဒေသခံအဖွဲ့အစည်းများ၏ ကူညီနိုင်စွမ်းကိုလည်း ထိခိုက်လာကြောင်း UNOCHA ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ