Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော် မှ စစ်ကောင်စီစခန်း ၄ခုအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်

ရက္ခိုင့်တပ်တော် မှ စစ်ကောင်စီစခန်း ၄ခုအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်

AB News- ဇန်နဝါရီ ၂၊ ၂၀၂၄

ယမန်နေ့ ဇန်နဝါရီလ ၁ရက် ညီနောင်မဟာမိတ် ၃ဖွဲ့၏ ထုတ်ပြန်ချက်အရ ရက္ခိုင့်တပ်တော်သည် လက်ရှိတွင် စစ်ကောင်စီတပ်စခန်း ၄ ခုအား သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်သူများ အပေါ် နှစ်ရှည်လများ အနှောင့်အယှက်ပေးနေသော စစ်ကောင်စီ၏ ဗျူဟာကုန်းများအား အပြီးသတ်ချေမှုန်းနိုင်ရေးအတွက် တိုက်ပွဲများပြင်းထန်စွာ ဆောင်ရွက် တိုက်ခိုက်လျှက်ရှိသည်။

ရက္ခိုင့်တပ်တော်၏ ​ပြည်သူများကိုကာကွယ်ရန်အတွက် ရန်သူများအား အပြီးသတ်ချေမှုန်းနိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိသော စစ်ကောင်စီတပ်စခန်းများမှာ ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ဗျူဟာကုန်း၊ ပလက်ဝမြို့နယ်ရှိ မီးဝဗျူဟာကုန်း၊ ချင်းလက်ဝ စခန်း နှင့် ပွိုင့် ၃၁၃ ကုန်းတို့ဖြစ်သည်။

ရက္ခိုင့်တပ်တော်သည် နှုံးဘူးဗျူဟာကုန်း အလားရှိသော တောင်ရှည်တောင်ဗျူဟာကုန်း အား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲကာလ ၇ရက်ခန့်ကြာမြင့်ပြီဖြစ်ပြီး တောင်ရှည်တောင်ဗျူဟာကုန်းအား အပြီးသတ်ချေမှုန်းနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းလျှက်ရှိရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျှက်ရှိသည်။

စစ်ရေးအရ အရှုံးပေါ်နေသော စစ်ကောင်စီတပ်များသည် ယမန်နေ့ နံနက် ၉နာရီခန့်တွင်လည်း ၎င်းဗျူဟာကုန်း အနီးပတ်ဝန်းကျင်တွင် ရှိသော ကျေးရွာများအား ဂျက်တိုက်လေယာဥ်ဖြင့် ဗုံး ၅လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။ ယင်းအပြင် တောင်ရှည်တောင်ဗျူဟာကုန်း နှင့် ကျောက်တော်အခြေစိုက် စကခ တို့မှလည်း အရပ်သားပြည်သူများနေထိုင်ရာ ဒေသများသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေခဲ့သည်။

ကျောက်တော်မြို့နယ်ရှိ အဆိုပါ ဗျူဟာကုန်းများသည် ​ဒေသခံပြည်သူ များအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျ၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီး၊ သတ်ဖြတ်ခြင်း စသော စစ်ရာဇဝတ်မှုများကျူးလွန်နေသော ဗျူဟာကုန်းများဖြစ်သည်ဟု ညီနောင် ၃ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိသော ပလက်ဝမြို့နယ်ရှိ မီးဝဗျူဟာကုန်း၊ ချင်းလက်ဝ စခန်းနှင့် ပွိုင့် ၃၁၃ ကုန်းများ အနီးရှိ ဒေသခံပြည်သူများနေထိုင်ရာ နေရာများသို့ စစ်ကောင်စီအဖွဲ့မှ ဂျက်တိုက်လေယာဥ်အမျိုးမျိုး၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ဖြင့် ပစ်ခတ်လျက်လည်းရှိသည်။

စစ်ကောင်စီတပ်များ၏ တိုက်ပွဲဖြစ်ပွားရာ နေရာများအပြင် အရပ်သားပြည်သူများကိုပါ ရည်ရွယ်၍ ပစ်ခတ်တိုက်ခိုက်မှုများအား ရက္ခိုင့်တပ်တော်အနေဖြင့် အချိန်တိုအတွင်း ချေမှုန်းနိုင်​ရေး အတွက် ဆက်လမ်းကြိုးပမ်းလျှက်ရှိကြောင်းထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ