Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော် ထိမ်းချုပ်နယ်မြေအတွင်း စစ်ကောင်စီအဖွဲ့၏ လက်နက်များကို ၁ ပတ်အတွင်း အမြန်ဆုံးလာရောက်အပ်နှံကြရန် AA အမိန့်ထုတ်

ရက္ခိုင့်တပ်တော် ထိမ်းချုပ်နယ်မြေအတွင်း စစ်ကောင်စီအဖွဲ့၏ လက်နက်များကို ၁ ပတ်အတွင်း အမြန်ဆုံးလာရောက်အပ်နှံကြရန် AA အမိန့်ထုတ်

AB News – ဖေဖော်ဝါရီလ ၁၃၊ ၂၀၂၄

ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အားလုံးကို ၁ပတ်အတွင်း လက်နက်ခဲယမ်းများကို အမြန်ဆုံးလာရောက်အပ်နှံကြရန် ယနေ့ ဖေဖော်ဝါရီလ ၁၃ရက် ညဥ့်  ၉နာရီ ၊ ၁၂ မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်က အမိန့် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် ” ရက္ခိုင့်တပ်တော်သည် ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ဗျူဟာစခန်းကြီးများ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်၊ နယ်ခြားစောင့်တပ်စခန်းများ၊ ရဲတပ်ရင်းများ၊ ရဲစခန်းများကို တစ်ခုမကျန် တိုက်ခိုက်ချေမှုန်းသွားရန် ရည်မှန်းထားသည့်အတိုင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ရည်မှန်းထားသည့်အတိုင်း စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများကိုလည်း တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။ ထို့အတူ လက်ကျန်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်သည်” ဟု ရက္ခိုင့်တပ်တော်က ပြောသည်။

 စစ်ရှုံးစစ်ကောင်စီ၏ စစ်သားများ၊ ရဲတပ်သားများသည် ၎င်းတို့၏ စခန်းများကို စွန့်ခွာကာ အိမ်နီးနားချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ များအတွင်းသို့လည်းကောင်း၊ ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘော၊ ဇက်သင်္ဘောများပေါ်မှလည်းကောင်း အသက်လုထွက်ပြေးနေကြရသကဲ့သို့ ရပ်ရွာများ၌ အရပ်ဝတ်များလဲ၍လည်း နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပြေးလျက် ရှိနေသည်ဟု ပြောထားသည်။

ထွက်ပြေးရာ၌ ၎င်းတို့သည် လက်နက်ခဲယမ်းမီးကျောက်များကို ဖျက်ဆီး၍ထားခဲ့သကဲ့သို့ ထွက်ပြေးသည့်အချိန်တွင် တစ်ကိုယ်စာယူဆောင်သွားကြသည့် လက်နက်ခဲယမ်းများကို အချိန်ကာလတစ်ခုတွင် မသယ်ဆောင်နိုင်သောကြောင့် တောတောင်၊ ချောင်းမြောင်း၊ လျှိုမြောင်တို့၌ လွှင့်ပစ်၍ လည်းကောင်း၊ မြေကြီးထဲမြှုပ်နှံ၍လည်းကောင်း ထားခဲ့ကြသည်ကို မိမိတို့ ဖမ်းဆီးထားသော သုံ့ပန်းများနှင့် မိမိတို့ရှာဖွေရရှိသော မြေပြင်ပကတိ အခြေအနေများအရ သိရှိရသည်ဟု ထုတ်ပြန်ထားသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် ထောင်ဂဏန်းနီးပါး စစ်ပြေး၊ ရဲပြေးများမှ လွှင့်ပစ်ထားခဲ့သော လက်နက်ခဲယမ်းများကို ရက္ခိုင့်တပ်တော်မှ လိုက်လံရှာဖွေ၍ တွေ့ရှိထားသည်များလည်း ရှိကြောင်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်က မရောက်ရှိသေးသော နေရာများ၌လည်းကောင်း၊ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ ရှာဖွေမတွေ့သေး၍လည်းကောင်း ကျန်ရှိနေသေးသော လက်နက်ခဲယမ်းများလည်း ရှိနေနိုင်သေးပြီး အကယ်၍ အဆိုပါ စွန့်ပစ်ထားခဲ့သော စစ်ကောင်စီ၏လက်နက်ခဲယမ်းများကို မည်သူမဆို တွေ့ရှိပါက နီးစပ်ရာရက္ခိုင့်တပ်တော် စခန်းများတွင်လည်းကောင်း အာရက္ခပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများထံတွင်လည်းကောင်း အပ်နှံနိုင်ပြီး လက်နက်ခဲယမ်း အဆိုး၊ အကောင်း အပေါ်မူတည်ပြီး ထိုက်သင့်သော ဆုငွေများကို ချက်ချင်းချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်၏ ထိန်းချုပ်ရာနယ်မြေများ၌ သာမန်အရပ်သားပြည်သူများအား လက်နက်ခဲယမ်း ကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်သောကြောင့် လက်နက်ကိုင်ဆောင် ထားသူများအနေဖြင့် ရက္ခိုင့်တပ်တော်ထံ ဤထုတ်ပြန်ချက်ထုတ်သည့်နေ့မှ တစ်ပတ်အတွင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ ည ၁၂ နာရီ နောက်ဆုံးထားပြီး အပ်နှံကြရန် ရက္ခိုင့်တပ်တော်က အမိန့်ပေး ထုတ်ပြန်လိုက်သည်။

 အကယ်၍ သတ်မှတ်ထားသည့် ရက်အတွင်း လာရောက်အပ်နှံခြင်းမရှိဘဲ ဖုံးဝှက်ထားသည်များကို စစ်ဆေးတွေ့ရှိပါက ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က အထူးသတိပေး ပြောသည်။

Website
www.arakanbaynews.com   
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ