Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ ၉ လကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဘူသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး၂ဦး ပုဒ်မ ၂ခုဖြင့် စွဲချက်တင်ခံရ

ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ ၉ လကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဘူသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး၂ဦး ပုဒ်မ ၂ခုဖြင့် စွဲချက်တင်ခံရ

ABN-ရာဟု

ဇူလိုင် ၁၈ရက်

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော် AAနှင့် ဆက်စပ်သည်ဟုဆိုကာ ၉လကြာဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ဦးကို အာဏာသိမ်းစစ်ကောင်စီ တပ်က ပုဒ်မ ၂ခုဖြင့် စွဲချက်တင် လိုက်သည်ဟု သိရသည်။

၎င်းတို့မှာ တပ်မင်းချောင်း (ဒိုင်းနက်) ရွာအုပ်ချုပ်ရေးမှူး ဦးဦးကျော်လှ အသက် ၆၆ နှစ်နှင့် မီးကျောင်းစျေး (မူဆလင်) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာမိတ်တူဆောင်း အသက်၆၀ တို့ဖြစ်ကြပြီး သူတို့ကို ဇူလိုင်လ ၁၄ ရက်က ပုဒ်မ ၂ခုဖြင့်စွဲချက်တင်ခံလိုက်ရခြင်းဖြစ်သည်။

၂၀၂၂ခုနှစ် စက်တင်ဘာလ ၃ရက်နေ့ ဘူသီးတောင်အခြေစိုက် တပ်ရင်း ၂၃၄ စစ်ဗျူဟာက ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁၂ဦးကိုခေါ်ယူ၍ သွားရောက်နေစဥ် ဖမ်းဆီးခံရခြင်းဖြစ်ကာ ကျန်အုပ်ချုပ်ရေးမှူး ၁၀ဦးကိုပြန်လည် လွတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တရားစွဲဆိုခံရသည့် ပုဒ်မနှစ်ခုမှာ ၁၇ (၁)နှင့် ၁၇(၂) တို့ဖြစ်ပြီး ပုဒ်မ၂ခုလုံးမှာ မတရားအသင်းဆက်သွယ်မှုများနဲ့ ဆက်စပ်နေသော်လည်း ၎င်းတို့မှာ စကစက တရားစွဲဆိုထားသည့်အတိုင်း မတရားအသင်းများနှင့် ဆက်သွယ်မှုမရှိဟု မီးကျောင်းစျေး ကျေးရွာအုပ်ချုပ်ရေးမှူးဇနီးက ABN သို့ပြောသည်။

“သူက အုပ်ချုပ်ရေးမှူးလုပ်နေတာ ၊ ဘာအသင်းနဲ့မှ ဆက်သွယ်တာမလုပ်ပါဘူး၊ သူတို့ခေါ်လို့သွားတာ မတရားဖမ်းဆီးခံရတာပါဘဲ၊ မသွားရင်လည်း အပြစ်ဖြစ်ဦးမှာ” ဟု ပြောသည်။

၎င်းတို့၂ ဦးကို ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် ရက်၂၀​ ကျော်ကြာ ချုပ်နှောင် စစ်ဆေးခြင်းများခံခဲ့ရပြီး ဘူသီးတောင် နယ်ခြားစောင့် အမှတ်၁၃ တပ်ရင်းသို့ စက်တင်ဘာလ ၂၉ရက်နေ့တွင် ပြောင်းရွှေ့ခဲပြီးမှ ရဲလက်သို့ နယ်ခြားစောင့်တပ်ရင်းမှ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ၎င်းတို့၂ဦးမှာ ဘူးသီးတောင်အကျဥ်းထောင်တွင် ရှိနေပြီး စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသည့် ဒဏ်ရာများကြောင့် နေမကောင်းဖြစ်နေသောကြောင့် ဆေးကုသခွင့်ရရန် မိငါးသုဝင်များက တောင်းဆိုထားကြောင်း သိရသည်။

၎င်းတို့ ၂ဦးကိုစွဲဆိုထားသည့် ပုဒ်မ ၂ခုအနက် ပုဒ်မ ၁၇(၁)မှာ ထောင်ဒဏ်၂နှစ်မှ ၃နှစ်အကြား၊ထောင်ဒဏ်နှင့်ငွေဒဏ်ပါပူးတွဲချမှတ်နိုင်သလို ပုဒ်မ ၁၇(၂) မှာ ထောင်ဒဏ် ၃နှစ်မှ ၅နှစ်ကြား နှင့်ငွေဒဏ်ပါ ပူးတွဲချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

ရခိုင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော် AAနှင့်ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခံထားရသူများကို တရားစွဲဆိုကာ ဖမ်းဆီးထောင်ချမှုများရှိနေသော်လည်း တရားခွင်အများစုတွင် တရားလိုမရောက်သဖြင့် အပြီးသတ်အမိန့်များကို မချမှတ်နိုင်ဘဲ တရားရုံးရက်ချိန့်ရွှေ့ဆိုင်းခြင်းများကို အကြိမ်ကြိမ်ပြုလုပ်နေသည်မှာ သက်ဆိုင်ရာ တရားရုံးကအမိန့်ချမှတ်နိုင်ခြင်းမရှိဘဲ အထက်ကလာသည့် စာအိတ်အမိန့်များကို စောင့်ဆိုင်းနေရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ တရားသူကြီးတစ်ဦး ပြောကြားချက်အရ သိရသည်။

ရခိုင်တွင် အပြီးသတ်အမိန့်ချမှတ်ရန် စောင့်ဆိုင်နေကြရသည့် မြောက်ဦးမှ ကိုရင်ဆို့၊ ကျောက်တော်မြို့နယ်မှ လူထုဦးဇော်ဝင်းတို့အပါအဝင် လူ အနည်းဆုံး၁၅ ဦးထက်မနည်း တရားရုံးရက်ရွှေ့ဆိုင်းခြင်းများခံနေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ