Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ တရားစွဲခံထားရသည့် အရပ်သား ၈ ဦးကို ၁၀ ကြိမ်မြောက်ရုံးထုတ် စစ်ကောင်စီတပ်ဖက်မှ တရားလိုထပ်မံပျက်ကွက်

ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ တရားစွဲခံထားရသည့် အရပ်သား ၈ ဦးကို ၁၀ ကြိမ်မြောက်ရုံးထုတ် စစ်ကောင်စီတပ်ဖက်မှ တရားလိုထပ်မံပျက်ကွက်

ABN-ရှိုင်းမိုး

AA နှင့်ဆက်စပ်သည်ဟုစွပ်စွဲကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခံထားရသည့် အရပ်သား ၈ဦးကို ၁၀ ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖက်မှ တရားလိုထပ်မံပျက်ကွက်ခဲ့သည်ဟုသိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ကျောက်တော်မြို့နယ်တရားရုံးတွင် အရပ်သား ၈ဦးကို ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖက်မှ တရားလိုပျက်ကွက်၍ စစ်ဆေးမေးမြန်းမှု တစ်စုံတရာပြုလုပ်ခြင်း မရှိခဲ့ကြာင်းသိရသည်။

စစ်ကောင်စီတပ်ဖက်မှ တရားစွဲထားသည့် တရားလို အကြိမ်ကြိမ် ပျက်ကွက်နေသည့်အပေါ် စွပ်စွဲခံ မိသားစုများက စိတ်ပျက်နေကြပြီဖြစ်ကြောင်း ပြောသည်။

“၁၀ ကြိမ်ရှိပါပြီ၊ ထူးခြားတာဘာမှမရှိဘူး၊ တရားလိုမရောက်ပြန်ဘူး၊ အပြစ်ရှိတယ်လိုထင်ရင် အပြစ်ပေးပေါ့၊ အခုက ရုံးချိန်တွေဘဲ ပျက်နေတယ်၊ သူတို့ဖက်(စစ်ကောင်စီတပ်)က အချိန်ဆွဲနေတာ၊ ရုံးချိန်းရောက်တိုင်း တရားလို ရောက် မရောက်ကို စစ်ဆေးနေရတာပါ” ဟု မိသားစုဝင်တစ်ဦးကပြောသည်။

မတရားစွပ်စွဲကာ တရားစွဲဆိုခံထားရသူများမှာ မင်းပြားမြို့နယ်မှ အပျော်တမ်းဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော်မြို့နယ် သရက်တပင်ရွာမှ ဦးမောင်စိုးသာ၊ ပုဏ္ဏားကျွန်းမြို့နယ် ‌အောင်ဖြူပြင်ရွာမှ ကိုမျိုးဦး ကျောက်တော်မြို့နယ် ဝပြန်ရွာမှ မောင်သန်းဌေး၊ မောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရို့ပြင်ရွာမှ ဦးသန်းစိုး၊ မြေပုံမြို့နယ် အငူရွာသစ်မှ ကိုမောင်ချေ ( ခ ) မောင်မျိုးကို နှင့် မြောက်ဦးမြို မဟိန်ဂျီရပ်ကွက်မှ ကျော်မောင်လင်းတို့ဖြစ်ကြသည်။

ထို ၈ဦးမှာ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားချိန်ကာလအတွင်း ကျောက်‌တော်အခြေစိုက်ဖြစ်သည့် စကခ ( ၉ ) နှင့် ခမရ ( ၅၃၉ ) စစ်ဆေးရေးဂိတ်များတွင် AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာဖမ်းဆီးခံလိုက်ရသူများဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ