Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်နှင့်ဆက်စပ် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်တော်နယ်မှ မောင်သက်စိုး အမှုအား အမြန်ဆုံးစစ်ဆေးပေးရန် ဇနီးသည်တောင်းဆို

ရက္ခိုင့်တပ်တော်နှင့်ဆက်စပ် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်တော်နယ်မှ မောင်သက်စိုး အမှုအား အမြန်ဆုံးစစ်ဆေးပေးရန် ဇနီးသည်တောင်းဆို

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၁၄ ရက်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသည့် ကိုမောင်ချေ(ခ)မောင်သက်စိုးအား အမှုမှန်ကို အမြန်ဆုံး စစ်ဆေးပေးရန် ဇနီးဖြစ်သူက တောင်းဆိုလိုက်သည်။

ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသည့် ကိုမောင်ချေ(ခ) မောင်သက်စိုးကိုပြီးခဲ့သည့် စက်တင်ဘာ၂၈ရက်နေ့တွင်( ၂၄) ကြိမ်ရုံးထုတ်ခဲ့ပြီး ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က စစ်တွေမြို့နယ်တရားရုံးတွင် (၂၅) ကြိမ်မြောက်ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ တရားလိုထပ်မံပျက်ကွက်ခဲ့သည်ဟုသိရသည်။

ကိုမောင်ချေ (ခ)မောင်သက်စိုးမှာ စစ်ကောင်စီမှ စစ်ဆေးခြင်းတစ်စုံတစ်ရာပြုလုပ်ခြင်းမရှိဘဲအချုပ်ကျနေသည်မှာ ၁နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး အမှုကြန့်ကြာနေသည့်အတွက် မောင်သက်စိုး၏ဇနီးက လင်ယောက်ျားဖြစ်သူအမှုကို အမြန်ဆုံးစစ်ဆေးပေးစေလိုပြီး အပြစ်မရှိပါက ပြန်လည်လွှတ်ပေးလိုကြောင်းပြောသည်။

“ကျမယောကျ်ား အဖမ်းခံရတာ အောက်တိုဘာလ ၂ရက်နေ့က ၁နှစ်ပြည့်ခဲ့ပါပြီ၊ တရားလိုဖက်ကရုံးချိန်းတခါမှမရောက်တော့ အမှုကကြန့်ကြာနေပါတယ်၊ ကျမအနေနဲ့ပြောရမယ်ဆိုရင် အမှုကိုအမြန်စစ်ဆေးပေးလိုပါတယ်၊ အပြစ်မရှိရင်လည်းအမြန်လွှတ်ပေးစေလိုပါတယ်” ဟုပြောသည်။

ကိုမောင်ချေ(ခေါ်)မောင်သက်စိုးမှာ ကျောက်တော်မြို့နယ်၊ ပေါက်ဝကျေးရွာ ချောင်းဖျားရပ်ကွက်မှဖြစ်ပြီး ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့်အတူ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က ကန်စောက် တပ်ရင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက်တွင် စစ်ကောင်စီက ထိုသူ ၂ ဦးအား စစ်တွေမြို့ အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ကိုမောင်ချေ (ခ) ကိုမောင်သက်စိုးကို မတရားအသင်းဆက်သွယ်မှု ဥပေဒ ပုဒ်မ ၁၇ (၁)ဖြင့်တရားစွဲဆိုကာ၊ ဦးလှမောင်သန်းကို စစ်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၃၁ ဖြင့်ပါ ထပ်တိုးတရားစွဲဆိုခဲ့သည်။

ထိုသို့ ပုဒ်မ ၂ ခုဖြင့်တရားစွဲဆိုခံထားရသည့် ဦးလှမောင်သန်းမှာ လွတ်ငြိမ်းချမ်းသာဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသော်လည်း ကိုမောင်သက်စိုးမှာ မလွတ်မြောက်လာသေးဘဲ ဆက်လက် မတရား ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် AA နှင့် ဆပ်စပ်ဖမ်းဆီး တရားစွဲဆိုခံထားရသူများကို စစ်ကောင်စီက ထောင်ချခြင်းများ ရှိလာနေပြီး အမှုအများစုမှာ စကစ ဖက်မှ တရားလိုမရောက်ဘဲ အချုပ်ထောင်များတွင် လရှည်စွာ ချုပ်နှောင်ခံထားကြရသည်။

ထို့အပြင် လက်ရှိတွင် AA နှင့်ဆက်စပ် တရားစွဲဆိုခံထားရသူများကို စစ်ကောင်စီက ထောင်ချမှုများလည်း ရှိလာနေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ