Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး တရားစွဲဆိုခံထားရသည့် ကျောက်တော် စစ်ဘေးရှောင်အမှု ၁၂ ကြိမ်မြောက်ရုံးထုတ်သော်လည်း တရားလိုထပ်မံပျက်ကွက်

ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး တရားစွဲဆိုခံထားရသည့် ကျောက်တော် စစ်ဘေးရှောင်အမှု ၁၂ ကြိမ်မြောက်ရုံးထုတ်သော်လည်း တရားလိုထပ်မံပျက်ကွက်

ABN-ရှိုင်းမိုး

ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် စစ်ကောင်စီဖက်မှတရားလိုလုပ်ကာတရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့ ကဝိရတနာစစ်ဘေး‌ရှောင်စခန်းမှ စစ်ဘေး‌ရှောင်အား ယမန်နေ့ နံနက် ၁၀ နာရီကျော်ခန့်က ၁၂ ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း တရားလိုမရောက်လာသောကြောင့် ရုံးချိန်း ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟုစွပ်စွဲချက်ဖြင့် စစ်ကောင်စီက တရားလိုလုပ် တရားစွဲဆိုခံထားရသည့် စစ်ဘေးရှောင်မှာ ဦးကျော်ဟိန်းဖြစ်ပြီး ၎င်းမှာ ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ဖြစ်သည်။

စစ်ဘေးရှောင် ဦးကျော်ဟိန်းကို ၁၂ ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလို တကြိမ်မှ ရုံးတက်ရောက်ခြင်း မရှိဟု ဦးကျော်ဟိန်း၏ ဇနီးဖြစ်သူက ပြောသည်။

“တရားလိုမရောက်ပါဘူး၊ သူတို့ဖက်က တရားလိုမအားရင်လည်း ရုံးမထုတ်နဲ့ပေါ့၊ အခုက ရုံးထုတ်တယ် တရားလိုမရောက် ၊ တကြိမ်လည်းမဟုတ်တော့ဘူး၊ စိတ်ပျက်တာပဲသိတယ်၊ ဘာမှလည်းထူးခြားမှုမရှိဘူး” ဟု ဦးကျော်ဟိန်း၏ဇနီးကပြောသည်။

စစ်ဘေးရှောင်အပါအဝင် ယနေ့ ရုံးထုတ်ခဲ့သူများမှာ မင်းပြားမြို့နယ်က အပျော်တမ်းဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းက ဦးကျော်ဟိန်း၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာက ဦးမောင်စောသာ၊ ဝပြန်ရွာကကိုမောင်သန်းဌေးနှင့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာက ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာက ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်က ကိုမောင်ချေ(ခ)မောင်မျိုးကိုနှင့် မြောက်ဦး မြို့၊ မဟိန်ဂျီ ရပ်ကွက်က ကိုကျော်မောင်လင်း တို့ဖြစ်ကြသည်။

ဦးကျော်ဟိန်းသည် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီမှ အပစ်မဲ့ပြည်သူ ၂၀၀ကျော်ကိုဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ ( ၁ ) နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ ( က ) တို့ဖြင့် စစ်ကောင်စီမှ တရားလိုလုပ်ကာတရားစွဲဆိုခံနေရသူများထဲမှ တစ်ဦးဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ