Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တကျော့ပြန်တိုက်ပွဲ ၂၇ရက်အတွင်း စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိလာ၊ အကူအညီအရေးပေါ်လိုအပ်နေ

AB News – ဒီဇင်ဘာ ၉၊ ၂၀၂၃

ရက္ခိုင်ပြည်တွင် နိုဝင်ဘာလ ၁၃ရက်နေ့စ၍ စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ကြား ၂၇ရက်ကြာ တိုက်ပွဲအတွင်း စစ်ဘေးရှောင်ဦးရေ နှစ်သိန်းတစ်ထောင် (၂၀၁,၀၀၀)ကျော်ထက်မနည်းရှိလာကြောင်း ရက္ခိုင်​​ပြည်အတွင်း စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ရေးအဖွဲ့များမှ တဆင့် သိရှိရသည်။

စစ်ရှောင်ဦးရေများမှာ ပေါက်တောမြို့နယ်တွင် ရှစ်သောင်းကျော်၊ ပုဏ္ဏားကျွန်းမြို့တွင် လေးသောင်းကျော်၊ မင်းပြားမြို့နယ်တွင် ၂သောင်းကျော်ထက်မနည်း ရှိပြီး စစ်တွေ၊ကျောက်တော်၊ မြောက်ဦး၊ မြေပုံနှင့် အမ်းမြို့မှ မြို့ခံသားများမှာ စစ်ဘေးလွတ်ရာ ကျေးရွာများတွင် ခိုလှုံလျက်ရှိသည်။

ရက္ခိုင်ပြည်မှ စစ်ရှောင်များမှာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကြောင့် စားဝတ်နေရေး အခက်အခဲကြုံနေရကြောင်း ပေါက်တောမြို့နယ်မှ စစ်ရှောင်အမျိုးသမီး ၁ဦးက ပြောသည်။

” ကျမတို့က ပေါက်တောမြို့ပေါ်က စစ်ရှောင်လာကြတာပါ။ အခု ကျမတို့ မိသားစုက ဘုန်းကြီးကျောင်းမှာ နေကြရတယ်။ စားဝတ်​နေရေးအတွက် ရှိတာလေးကို ထုခွဲရောင်းချပြီး စားသောက်နေရပါတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်များမှာ အသက်အန္တရာယ်မှကင်းလွတ်မည့် နီးစပ်ရာ ကျေးရွာများမှ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးများ၏ အိမ်များတွင် ခိုလှုံနေကြရသည်။

စစ်ကောင်စီအဖွဲ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့မှစပြီး ရက္ခိုင်ပြည်ရှိ ကုန်းလမ်း၊ ရေလမ်းများအား ပိတ်ဆို့ထားသောကြောင့် စစ်ရှောင်များအား ကူညီထောက်ပံ့ပေးသည့် အဖွဲ့အစည်းများနည်းပါးနေပြီး စစ်ဘေးရှောင်များ စားဝတ်နေရေး ခက်ခဲနေကြောင်း စစ်ဘေးရှောင်များအား ကူညီထောက်ပံ့နေသည့် အဖွဲ့ ၁ဖွဲ့၏ တာဝန်ရှိသူ ၁ဦးက ပြောသည်။

“စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားတာကြောင့် INGO ၊ NGO၊ CSO စတဲ့အဖွဲ့တွေက သွားလာရ ခက်နေတယ်။ စစ်ရှောင်တွေက အကူအညီမရတော့ စားဝတ်နေရေး ခက်ခဲနေတယ်။ အခုက ဆောင်းရာသီဆိုတော့ စစ်ရှောင်တွေမှာ အဝတ်အထည်တွေ၊ ခြင်ထောင်တွေ၊ စောင်တွေ အရေးတကြီး လိုအပ်နေတယ်”ဟု ဆိုသည်။

ယခုအချိန်မှာ ဆောင်ရာသီဖြစ်သည့်အလျောက် စစ်ဘေးရှောင်များမှာ အဝတ်အထည်များ၊ ခြင်ထောင်များ၊ စောင်များ အရေးတကြီး လိုအပ်နေကြောင်း သိရှိရသည်။

စစ်ကောင်စီသည် ရက္ခိုင်ရှိ INGO၊ NGO များအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများကိုပါ သွားလာခွင့်များ ကန့်သတ်ထားသည့်အပြင် ရုံးများအား ဝင်ရောက် စစ်ဆေးမှု၊ ဖမ်းဆီးမှုများပါ ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ