Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယိုးတရုတ် ရထားဘူတာရုံ စစ်ဘေးရှောင်စခန်းတွင် အဆောင်အရှိဘဲ နေထိုင်နေကြရ၊ အရေးပေါ်အကူအညီလိုအပ်နေ

ABN – ရာဟု

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီးရှိ ယိုးတရုတ်ရထားဘူတာရုံ စစ်ဘေးရှောင်စခန်းတွင်နေထိုင်သူများမှာ နေထိုင်စရာ အဆောင်မရှိဘဲ ဖြစ်နေ၍ အဆောင်ဆောက်ရန် အရေးတကြီးအကူအညီလိုအပ်နေကြောင်း စခန်းတာဝန်ခံက ပြောသည်။

ထိုစခန်းတွင် အိမ်ထောင်စု၁၂၄ စု လူဦး‌ရေ စုစုပေါင်း ၅၇၀ ဦး ခိုလှုံလျှက်ရှိသည့်အနက် အိမ်ထောင်စု ၅၀ ကျော်တို့အတွက်သာ အဆောင်တဲများ ရှိပြီး အိမ်ထောင်စု ၆၉ စုအတွက် အဆောင်ဆောက်လုပ်ရန် အရေးတကြီး အကူအညီ လိုအပ်နေခြင်းဖြစ်သည်။

“စခန်းကလူတွေက အရမ်းအခက်အခဲဖြစ်နေကြတယ်။ နေစရာအိမ်ကည်း လုံးဝ မလုံလောက်ဘူး အိမ်သာဆောက်ချင်တာတောင် အလှူငွေမရှိလို့မဆောက်ရသေးပါဘူး။ အဓိက ဆောင်းတွင်းဆိုတော့ နေစရာအိမ်တွေနှင့် လုံခြုံတဲ့ အမိုးအကာအောက်ရောက်စေချင်တာ ပြည်တွင်းပြည်ပအလှူရှင်တွေ ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု စခန်းတာဝန်ခံ ကိုဘဌေးက ABNကိုပြောဆိုသည်။

အိမ်ထောင်စု တစ်စုအတွက် တဲအဆောင် ၁ ဆောင်လျှင် ၃ သိန်းကျပ်ခန့် ကုန်ကျကြောင်း ပြောသည်။

ထိုစစ်ဘေးရှောင်များမှာ ၂၀၂၂ ခုနှစ် ပြီးခဲ့သည့် လများက ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်စဥ်ကာလက စစ်ကောင်စီတပ်က ကျေးရွာများအတွင်း တပ်စွဲ နေထိုင်ခြင်း လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်ခြင်းများ ရှိခဲ့သောကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြရသူများဖြစ်သည်။

ထိုစခန်းသို့ မည်သည့် နိုင်ငံတကာအဖွဲ့အစည်းမှ လာရောက် လှူဒါန်းထောက်ပံ့ခြင်းမရှိကြောင်းလည်း စခန်းတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့စစ်ဘေးရှောင်စခန်းကို လာလှူတာဆိုလို့ ကိုဝေဟင်အောင်၊ ကိုခိုင်မင်းသျှင်နှင့်တခြားအဖွဲအစည်းတစ်ခုက စောင်၃၀ လာလှုတာပဲရှိတယ်။ တခြား ဘယ်နိုင်ငံတကာအဖွဲ့အစည်းတွေမှ မလာကြဘူး။ ကျနော်တို့မှာ စားဖို့ သောက်ဖို့က အစ အရမ်းကို အခက်ကြုံနေရတာပါ” ဟု ဆက်ပြောသည်။

လက်ရှိတွင် ထိုစစ်ဘေးရှောင်စခန်း၌ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀ ကျော်မှာ တာပေါ်လင်စ အမိုးအကာဖြင့် ပြုလုပ်ထားသည့် တဲများဖြင့် နေထိုင်နေကြရပြီး၊ အဆောင်မရရှိသေးသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၆၉ စုမှာမူ အမိုးအကာမရှိဘဲ နေထိုင်နေရကြောင်း သိရသည်။

ထို့အပြင် ယိုးတရုတ် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ စစ်ကောင်စီတပ်မှ နေရပ်ပြန်ရန် စေခိုင်းခဲ့သော်လည်း နေရပ်မပြန်ရဲသေးသောကြောင့် စခန်းတွင် ဆက်လက်နေထိုင်နေရခြင်းဖြစ်ကြောင်း စခန်းတာဝန်ခံ ကိုဘဌေးက ဆက်ပြောသည်။

“နေရပ်ပြန်ချင်ရင် ပြန်လို့ရပြီလို့ စစ်ကောင်စီက ပြောထားတာရှိပါတယ်၊ ဒါပေမယ့် စစ်ရှောင်တွေကတော့ ခုထိ နေရပ်မပြန်ရဲသေးပါဘူး၊ နောက်ထပ်တိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်တာကြောင့်လို့ သူတို့ (စစ်ဘေးရှောင်)က ပြောပါတယ်၊ ပြီးတော့ ဆောင်းဒူရွာမှာဆိုရင်လည်း လက်နက်ကြီးကျလို့ လူအသေအပျောက်တွေ ရှိခဲ့တော့ ဆောင်းဒူရွာက ရွာသားတွေရော့ အနီးအနား ရွာက ရွာသားတွေပါ မပြန်ရဲကြသေးတာပါ” ဟု ဆက်ပြောသည်။

ထိုစခန်းတွင် ခိုလှုံလျက်ရှိသည့် စစ်ဘေးရှောင်များမှာ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်များမှ ဖြစ်ပြီး၊ ကျေးရွာများမှာ ဆောင်းဒူ၊ ရွက်မညှိးတောင်၊ ဗုဒ္ဓေါ၊ ဒေးဝန်း၊ အောင်မင်္ဂလာ ကျေးရွာများမှ ဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးဘဌေးပြောကြားချက်အရ သိရသည်။

၎င်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်တွင် ရှိသည့် တခြားသော စစ်ဘေးရှောင်စခန်းများမှာလည်း စားနပ်ရိက္ခာနှင့် အဆောက်အအုံးလိုအပ်ချက်များ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ