Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယိုးတရုတ်ဘူတာရုံ စစ်ဘေးရှောင်စခန်းမှ အသက် ၈၀ အရွယ် အဖွားအို ဓနိအမိုးအကာ အဆောင်ဖြင့်နေလိုကြောင်းတောင်းဆို

ABN-ရာဟု

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီးရှိ ယိုးတရုတ်ဘူတာရုံ စစ်ဘေးရှောင် စခန်းတွင် အသက် ၈၀ နှစ်အရွယ် အဖွားအို ဓနိအမိုးအကာ အဆောင်ဖြင့် နေလိုကြောင်းတောင်းဆိုလိုက်သည်။

အဖွားအို၏ အမည်မှာ ဒေါ် လှဝင်းစိန် အသက် ၈၀ နှစ်၊ ကျောက်တော်မြို့နယ် ဗုဒ္ဓေါရွာမှဖြစ်ပြီး စစ်ဘေးရှောင်စခန်းတွင် တစ်ဦးတည်း တာပေါ်လင် အမိုးအကာ အဆောင်တွင် နေထိုင်နေရခြင်းဖြစ်သည်။

ထိုအဘွားအို နေထိုင်သည့် အဆောင်မှာ တာပေါ်လင်စဖြင့် မိုးကာထားသဖြင့် ယခုဆောင်းရာသီတွင် ညဖက်၌ အချမ်းပိုပြီး နေ့ဖက်တွင် အဆောင်အတွင် အလွန်ပူအိုက်သောကြောင့် အဘိုအိုမှာ နေထိုင်ရန်အခက်တွေ့နေရကြောင်း ပြောသည်။

“တာလပတ် (တာပေါ်လင်) က တအားပူတာ မခံနိုင်ဘူး မျက်ရည်တွေ ခဏခဏ ထွက်နေတယ် တခြားနေစရာ အရိပ်ရပင်လည်းတစ်ပင်မှမရှိဘူး၊ အခုက ညဖက်ဆိုလည်း အရမ်းအေးတယ် အိပ်လို့တောင်မရဘူး” ဟု အဖွားအိုက ပြောသည်။

အဖွားအိုက ၎င်း၏အလိုချင်ဆုံးဆန္ဒမှာ သူ့အတွက် နေစရာတာပေါ်လင်မိုးအိမ်အစား ဓနိမိုးအဆောင်ငယ် တစ်ဆောင်ရလိုကြောင်းနှင့် ဓနိမိုးအဆောင်ဖြင့် နေရလျှင်ပြည့်စုံပြီဖြစ်ကြောင်း ABN သတင်းထောက်များကို ပြောသည်။

“အဖြစ်ချင်ဆုံးဆန္ဒကတော့ ဓနိမိုးအိမ်းကလေးနှင့်နေချင်တာပေါ့။ တအားပူတော့မခံနိုင်ဘူး မိုးရာသီရောက်ရင်လည်း တာလပတ်အိမ်က မိုးလုံမှာမဟုတ်ဘူး။ အခုဆိုလည်း ဆောင်းတွင်း အရမ်းအေးတယ်။ ဓနိမိုးအဆောင်လေးသာရရင် ပြည့်စုံပါပြီ” ဟု အဖွားအိုကပြောသည်။

ထိုအဘွားအိုနှင့်အတူ ယိုးတရုတ် ရထားဘူတာစစ်ဘေးရှောင်စခန်းတွင် အသက် ၈၀ အရွယ်ခန့် အဘွားအို ၄ ဦးခန့်ရှိပြီး အဘွားအိုများမှာ နားမကြားသူ၊ မျက်စိမှုန်ဝါးနေသူများဖြစ်ကြသည်ကို တွေ့ခဲ့ရသည်။

ယိုးတရုတ်ဘူတာရုံ စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၅၉ စု၊ လူဦးရေ စုစုပေါင်း ၆၂၇ ဦးရှိပြီး ၎င်းတို့အားလုံးမှာ တာပေါ်လင်အမိုးအကာများဖြင့် ဆောက်လုပ်ထားသည့် အဆောင်များဖြင့် နေထိုင်နေကြရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ရပ်တန့်ခဲ့သည့် တကျောပြန်စစ်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်များက ဗုဒ္ဓေါရွာအနီး နနွင်းတောင်ပေါ်တွင် တပ်စွဲထားကာ စစ်ကောင်စီတပ်သားများက အနီးအနားရှိရွာများမှ အပြစ်မဲ့ပြည်သူများကို တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခြင်းမရှိဘဲ ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာသားများအသက်သေဆုံးခဲ့ပြီး နေအိမ်များကို လက်နက်ကြီးများကျရောက်သဖြင့် ထွက်ပြေးလာကြရသူများဖြစ်သည်။

ထိုစစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ် ‌ဗုဒ္ဓေါ၊ ချောင်းတူ၊ ရွက်ညိုးတောင်၊ အောင်မင်္ဂလာ၊ ဒေဝန်း စသည့်ကျေးရွာများမှ ပြည်သူများ လာရောက်ခိုလှုံလျက်ရှိနေကြသည်။

ယိုးတရုတ်ဘူတာရုံ စစ်ဘေးရှောင်စခန်းမှ အသက် ၈၀ အရွယ် အဖွားအို ဓနိအမိုးအကာ အဆောင်ဖြင့်နေလိုကြောင်းတောင်းဆို

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ