Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယနေ့ နေ့လည် ၁ နာရီတွင် စစ်ကောင်စီက ပေါက်တောမြို့သို့ လက်နက်ကြီးပစ်မည်ဟု သိရ

AB News – နိုဝင်ဘာ ၁၇၊ ၂၀၂၃

လောကထိပ်ပန်ဘုရားပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီများသည် ယနေ့ နေ့လည် ၁ နာရီအချိန်တွင် ပေါက်တောမြို့ထဲသို့ လက်နက်ကြီး လှမ်းပစ်မည် ဖြစ်ကြောင်း သိရသည်။

အင်အား ရဲတပ်၊ စစ်တပ် ပေါင်းပြီး အင်အား ၂၀၀ ကျော်ရှိသည့် စကစ ပူးပေါင်းအဖွဲ့သည် လောကထိပ်ပန်ဘုရားကြီးရင်ပြင်တွင် တပ်စွဲထားသည့်အပြင် သင်္ဘောဆိပ်၊ ရဲစခန်းများတွင် အခြချထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့သည် ပေါက်တောမြို့သို့ ပတ်ပြီး ကင်းပုန်းဝတ်နေခြင်းများ၊ နေအိမ်များသို့တက်ပြီး ဝင်ရောက်ရှာဖွယ်ခြင်းနှင့် လမ်းထွက်သွားလာနေသူမြင်လျှင် သေနတ်ဖြင့်လိုက်ပစ်နေကြောင်း AB News ကစုံစမ်းသိရှိရသည်။

ယမန်နေ့က ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် AA မှ ဝင်ရောက်ပြီး မြို့နယ်မှူး၊ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

စကစမှ လေတပ်၊ ရေတပ်တို့ဖြင့် ပြည်သူများအား ရန်သူသဖွယ်ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၃၀ ကျော်နှင့် ဖမ်းဆီးခြင်းခံရသူ ၂၀ ကျော်ရှိနေကြောင်း (အတည်မပြုနိုင်သေးသတင်းအရ) သိရှိရသည်။

လက်ရှိတွင် ပေါက်တောမြို့သို့ လက်နက်ကြီးပစ်မည်ဖြစ်သည့်အတွက် ပိတ်မိနေသည့်ပြည်သူများ အလွန်စိုးရိမ်ထိတ်လန့်နေရကြောင်း မြို့ခံတစ်ဦးက AB News သို့ပြောသည်။

“လက်နက်ကြီးနဲ့ပစ်မယ်လို့ပြောတယ်၊ ဘယ်ပြေးရမှန်းမသိတော့ဘူး၊ မြင်တဲ့သူတွေကို လက်နက်ငယ်တွေနဲ့ လိုက်ပစ်နေတယ်” ဟုဆိုသည်။

စစ်ကောင်စီသည် ပြည်သူများအား သတ်ဖြတ်အနိုင်ကျင့်မှုရှိနေခြင်း၊ မြို့တွင်းဒေသခံများအားဖမ်းဆီးခြင်း၊ ကျောင်းဆရာမများအားဖမ်းဆီး၍ ဓားစာခံအဖြစ်ယူထားခြင်းတို့ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

ထို့အပြင်စစ်ကောင်စီသည် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းတွင် ပေါက်တောမြို့အတွင်းသို့ ဝင်ရောက်ကာ အရပ်သားများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည်။

စစ်ကောင်စီပစ်သတ်၍ သေဆုံးခဲ့ရသော ပေါက်တောမြို့မှ အရပ်သားပြည်သူများအတွက် များစွာဝမ်းနည်းရပြီး အဆိုပါကိစ္စအား ကျူးလွန်သောသူများကို ရက္ခိုင့်တပ်တော်က လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု AA ပြန်ကြားရေးက ဆိုထားသည်။

ထို့အပြင် ပေါက်တောတွင် မြို့ပေါ်ရပ်ကွက်များသို့ ဝင်ရောက်၍ ပြည်သူများအားလိုက်လံဖမ်းဆီးမှုလည်းရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ