Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယခုနှစ်တွင် မြောက်ဦးနှင့် လေးမြို့မြစ်များသို့ လာရောက်လည်ပတ်သည့် ခရီးသည် မရှိသလောက်နည်းပါး

ယခုနှစ် ခရီးသွားရာသီတွင် ရခိုင်ပြည်တွင်ရှိသည့် မြောက်ဦးမြို့နှင့် လေးမြို့မြစ်သို့ လာရောက်လည်ပတ်သည့် ခရီးသည်များ ယခင်နှစ်များထက် ပိုနည်းပါးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်AAတို့ ကြား ယာယီ အပစ်ခတ်ရပ်ထားသော်လည်း စစ်ကောင်စီဘက်မှ ရိက္ခာများဖြည့်ခြင်း တချို့ကုန်းလမ်းများနှင့် ရေလမ်းများကို ဆက်ပိတ်ထားခြင်းကြောင့် ခရီးသွားပြည်သူများမှာ ခရီးသွားလည်ပတ်ခြင်းများ နည်းပါးသွားခြင်းဖြစ်သည်ဟု မြောက်ဦးဒေသခံ ဓါတ်ပုံဆရာတစ်ဦးဖြစ်သည့် ကိုခိုင်မင်းသျှင်က ABNကိုပြောသည်။

“လာရောက်လည်ပတ်သူတွေကတော့ ပြီးခဲ့တဲ့နှစ်တွေထက်အများကြီးသိသိသာသာကို နည်းလာပါတယ်။ မနှစ်ကဆိုရင်တော့ ခရီးသွားတွေက စာရင်းအရဆို တစ်ပတ်ကို ၃၀၀ ကျော် ၅၀၀အထိရောက်ပါတယ်။ ဒီနှစ်ကတော့ စစ်ပွဲကြောင့် လမ်းတွေပိတ်ထားတဲ့အတွက် လည်ပတ်သူတွေ နည်းတယ် တစ်ပတ်ကို ၃ ဖွဲ့ ၄ဖွဲ့လောက်ပဲရောက်တယ်” ဟုပြောသည်။

ပြီးခဲ့သည့်နှစ်က ထိုဒေသများသို့ ခရီးသွားလည်ပတ်သူ အများအပြားရောက်ရှိခဲ့သောကြောင့် ထိုဒေသအတွင်းရှိသည့် ဒေသခံပြည်သူများ အလုပ်အကိုင်များရရှိခဲ့ကြပြီး ယခုနှစ်တွင် ခရီးသွားများနည်းပါးသောကြောင့် ဒေသခံများမှာ အလုပ်အကိုင်ရှားပါးပြီး စီးပွားရေးအဆင်မပြေများရှိကြောင်း ကိုခိုင်မင်းသျှင်က ပြောသည်။

“မနှစ်ကဆိုရင်တော့ ခရီးသွားတွေ လာရောက်လည်ပတ်တာများပါတယ်။ လည်ပတ်သူတွေရှိတော့ ဒေသခံတွေ အလုပ်အကိုင်တွေအဆင်ပြေပါတယ်။ ဒီနှစ်မှာဆိုရင်တော့ ခရီးသွားတွေက မရောက်တော့ ဒေသခံတွေမှာ အလုပ်အကိုင်ရှားပါးပြီး စီးပွားရေးကျပ်တည်းကြပါတယ်” ဒေသခံများ၏ အခြေအနေများကို ဆက်ပြောသည်။

ရှေ့ဟောင်းအမွေအနှစ်များရှိသည့် မြောက်ဦးမြို့ကိုလည်း ပြီးခဲ့သည့်နှစ်များက နိုင်ငံခြားခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်မှုများခဲ့သော်လည်း ယခုနှစ်တွင် ပြည်တွင်း ပြည်ပခရီးသည်များ လာရောက်လည်ပတ်မှုနည်းပါးသွားကြောင်း မြောက်ဦးမြို့ရှိ နန်းတော်ဝင်ဟိုတယ်မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုမြတ်စိုးထွန်းက ABNကိုပြောသည်။

“တည်းခိုသူတွေကတော့ရှိပါတယ်။ နိုင်ငံခြားခရီးသည်တွေတော့မဟုတ်ပါဘူး။ မနှစ်က တည်းခိုတဲ့သူတွေပိုများပါတယ်။ အရင်နှစ်တွေက သောကြာနေ့တွေဆိုရင် တည်ခိုးသူတွေ ဟိုတယ်အပြည့်ပါပဲ” ဟုပြောသည်။

လေးမြို့မြစ်သည် ချင်းပြည်နယ် ဘာဘုတလန်တောင်ထိပ်မှ ရခိုင်ပြည် မြောက်ဦးမြို့နယ်ရှိ လေးမြို့မြစ်အတွင်းသို့ စီးဆင်းသောမြစ်တစ်ခုဖြစ်သည်။

လေးမြို့မြစ်သည် ကျောက်စရစ်ခဲများထွက်ရာ ဒေသဖြစ်သောကြောင့် ၎င်းဒေသရှိရေများမှာလည်း စိမ်းမြကြည်လင်ကာ ရေအောက်ရှိ ကျောက်စရစ်များ၊ ရေနေသတ္တဝါများကိုပါ ကြည်ကြည် လင်လင်မြင်နိုင်သည်။

မြောက်ဦးမြို့နှင့် လေးမြို့မြစ်များကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် နိုင်ငံခြားသားများနှင့် ဒေသခံများ သွားရောက်လည်ပတ်လေ့ရှိသည်။

ဓာတ်ပုံ-ခိုင်မင်းသျှင်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ