ABN-ရှိုင်းမိုး
မြောက်ဦးတွင် အမှိုက်ပုံမီးရှို့ထားရာမှ ထွက်လာသည့် အနံ့ဆိုးများကြောင့် အမှိုက်ပုံအနီးရှိ စာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ ဆရာမများမှာ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်နေရသည်ဟု သိရသည်။
မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက် ဆန္ဒာရာမကျောက်တိုက် ရက္ခပူရ ပညာရေးဖောင်ဒေးရှင်း မြောက်ဦးကျောင်း ( ခွဲ ) တွင် စာသင်နေကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ ဆရာမများမှာ အမှိုက်ပုံမီးရှို့ထားသည့် အနံ့ဆိုးများကြောင့် ဆေးကုသမှု ခံယူရသည်အထိ ကျန်းမာထိခိုက်မှုရှိနေခြင်းဖြစ်သည်။
ဆန္ဒာရာမ ရက္ခပူရ ပညာရေးဖောင်ဒေးရှင်းကျောင်း ( ခွဲ )တွင် ဆရာမ ၄ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူပေါင်း ၇၃ ဦးရှိသည်ဟုသိရသည်။
ထိုအမှိုက်ပုံမှာ မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက် တောင်ဖြူဆည်အနီးတွင်ရှိပြီး အမှိုက်ပုံကို ဖေဖော်ဝါရီလ ၅ရက်နေ့ကတည်းက လာရောက်မီးရှို့ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မီးရှို့ အနံများကို ရှူမိသောကြောင်း အသက်ရှူကျပ်၍ ဆေးခန်းတွင်ပြရပြီး ည ၁၁နာရီအချိန်တွင် သက်သာသွားသော်လည်း ဖေဖော်ဝါရီလ ၅ရက် မိုးထ ၃နာရီအချိန်တွင် ထပ်၍ အသက်ရှူကျပ်ကြသည်ဟုသိရသည်။
မီးရှို့ထားသည့် အမှိုက်ပုံမှ ပလပ်စတစ်နံ့အပါအဝင် အနံ့ဆိုးများကြောင့် ရက္ခပူရ ပညာရေးဖောင်ဒေးရှင်းမှ ကျောင်းသူ ကျောင်းသားများမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၇ နာရီခန့်တွင် အသက်ရှုကြပ်လာသဖြင့် ဆေးခန်းသွားပြခဲ့ရပြီး၊ လက်ရှိတွင်လည်း ကျောင်းထဲတွင် Mask တပ်ကာ နေထိုင်နေရကြောင်း ထိုကျောင်းမှ ဆရာမက ABN ကိုပြောသည်။
“ကျောင်းသူ ကျောင်းသားတွေ ည ၇နာရီလောက်မှာ နေမကောင်းစဖြစ်ကြပါတယ်၊ သူတို့ကို ကျောင်းအနီးကဆေးခန်းမှာ ပြပါတယ်၊ သူတို့ ၁၁ နာရီလောက်တော့ သက်သာသွားကြပါတယ်၊ ဒါပေမယ့် မနက်ပိုင်း ၃နာရီလောက်ရောက်တော့ ပြန်ပြီး နေမကောင်းဖြစ်ကြပါတယ်၊ အဲဒီ အမှိုက်ပုံကို မီးရှို့တဲ့ အနံက အရမ်းဆိုးပါတယ်၊ ကလေးတွေမပြောနဲ့ လူကြီးတွေတောင်မခံနိုင်ပါဘူး” ဟု ဆရာမ မစုစု ကပြောသည်။
ထို့အပြင် အမှိုက်ပုံမှာ လူနေရပ်ကွက်နှင့် နီးကပ်နေသည့်အတွက် အမှိုက်ပုံမှ အနံ့ဆိုးများကို အမြဲ ရှုရှိုက်နေရပြီး အမှိုက်ပုံမှ လာသည့် ယင်ကောင်များမှာလည်း ထမင်းစားသောက်ရန်ပင် ခြင်္ထောင်ဖြင့် စားသောက်နေရကြောင်း သိရသည်။
“အမှိုက်ပုံ မီးမရှို့တဲ့ အချိန်ဆိုရင်လည်း အမှိုက်ပုံက ယင်ကောင်တွေက ကျောင်းထဲကို ရောက်ပါတယ်၊ အဲဒါကြောင်းလည်း ကလေးတွေ ကျန်းမာရေး ခဏခဏ ဖြစ်နေပါတယ်” ဆက်ပြောသည်။
ထိုအမှိုက်ပုံကို တာဝန်ရှိသူများ အမြန်ဆုံးလာရောက် ရှင်းပေးလိုကြောင်း ရပ်ကွက်သားများက တောင်းဆိုထားသည်။
ဓာတ်ပုံ-ဆရာမ စုစု (ရက္ခပူရဖောင်းဒေးရှင်း)








