Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးအနီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်စောင့်များ ကားသမားများထံမှ အတင်း အဓမ္မငွေတောင်း

ရခိုင်ပြည် မြောက်ဦးမြို့ထဲနှင့် မြောက်ဦးအနီးရှိ စစ်ကောင်စီတပ်က ချထားသည့်စစ်ဆေးရေးဂိတ်များမှ စစ်ကောင်စီတပ်သားများသည် ဒေသခံ ကားသမားများထံမှ အတင်း အဓမ္မငွေတောင်းယူမှုများရှိနေကြောင်း ကားသမားများ၏ ပြောကြားချက်အရသိရသည်။

စစ်ကောင်စီတပ်သားများသည် မြောက်ဦးမြို့ အဝင် ငွေတောင်ပေါက်တံတား၊ ကျောက်ရာဇ်ကေခွဆုံ၊ အလယ်ဈေးလမ်းခွဆုံနှင့် ဂူတောင်ခွဆုံတို့တွင် ဂိတ်ချထားပြီး ဒေသခံ ကားသမားများထံမှ အတင်းအဓမ္မ ငွေးတောင်းယူနေကြောင်းသိရသည်။

အဆိုပါလမ်းခွဆုံများတွင် ဂိတ်ချထားသော စစ်ကောင်စီတပ်သားများသည် ကားသမားများကို မှတ်ပုံတင် ကားလိုင်စင်များ စစ်ပြီး ငွေများတောင်းယူကြောင်းနှင့် ငွေတောင်းလျှင်လည်း ကျပ်ငွေ ၁၀၀၀၀ မှ ၂၀၀၀၀ ခန့်အထိ တောင်းသည်ဟု မင်းပြား-စစ်တွေ နေ့စဥ်လိုင်းပြေးဆွဲနေသည့် ကားသမားတစ်ဦးက ABN ကိုပြောသည်။

” ခွဆုံတွေမှာ မှတ်ပုံတင်စစ်တယ်။ ကားလိုင်စင်တွေစစ်တယ်။ ငွေတွေတောင်းပါတယ်။ အဓိက ကျွန်တော်တို့လို ကားသမားတွေဆီက တောင်းတာပါ။ ၅၀၀၀ ဆိုမယူပါဘူး။ ၁၀၀၀၀ ၊၂၀၀၀၀ အထိတောင်းပါတယ်” ဟုပြောသည်။

ငွေတောင်းသောစစ်ကောင်းစီတပ်သားများမှာ စစ်သားတွေ သတ်သတ် တောင်းခြင်းမဟုတ်ပဲ ရဲတွေနှင့်ပေါင်းကာ တောင်းကြောင်း ၎င်းကပြောသည်။

အတင်းအဓမ္မငွေတောင်းရာတွင် စစ်ကောင်စီ စစ်သားများနှင့် ရဲသားများပူးပေါင်းပြီး တောင်းခြင်းဖြစ်ကြောင်း နေ့စဥ် ငွေပေးနေရသည့် မြောက်ဦး- စစ်တွေ ပြေးဆွဲနေသည့် နောက်ထပ် ကားသမားတစ်ဦးက ပြောသည်။

“ကားတွေကို စစ်တယ် ပြီးရင် ငွေတောင်းတော့တာပဲ။ ငွေတောင်းတာက စစ်သားတွေဆလာက်မဟုတ်ဘူး ရဲတွေပါ တောင်းပါတယ်။ ကျနော်တို့မှာ ကြောက်ကြောက်နဲ့ မပေးလို့လည်းမရဘူး။ တောင်းသမျှပေးနေရပါတယ်” ဟုဆိုသည်။

စစ်သားနှင့် ရဲများ တောင်းသည့် ငွေများမှာ နိုင်ငံအတွက် လိုအပ်သည့် နေရာတွင် အမှန်သုံးမည်ဆိုပါက သတ်မှတ်ချက်တစ်ခုကို စနစ်တကျပြုလုပ်ကာ တောင်းယူမည်ဆိုပါက ကြည်ဖြူစွာ ပေးမည်ဖြစ်ကြောင်း ကားသမားများက ပြောသည်။

“ကျနော်တို့ဆီက ဓားမြတိုက်သလို တောင်းတာမျိုး မဟုတ်ဘဲ ဘာအတွက်တောင်းတယ်။ ကယးတစ်စီးကို ဘယ်လောက်ဆိုပြီး စည်းကမ်းနဲ့တောင်းရင်လည်း ကျနော်တို့က ကျေကျေနပ်နပ်နဲ့ပေးမှာပါ။ အခုအခြေအနေက လက်နက်ရှိလို့ အနိုင်ကျင့်နေသလိုဖြစ်နေပါတယ်” ဟု ကားသမားတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား အပစ်ရပ်တန့်ထားပြီးသော်လည်း စစ်ကောင်စီက ချထားသည့် ဂိတ်များကို ပြန်လည်ရုပ်သိမ်းခြင်းမရှိဘဲ ဒေသခံ ခရီးသွားများအား စစ်ဆေးခြင်းများ ပြုလုပ်ကာ ငွေတောင်းမှုများ ပြုလုပ်လျက်ရှိနေခြင်းဖြစ်သည်။

ထို့အပြင် စစ်တွေ-ပုဏ္ဏားကျွန်းကြား ကျောက်တန်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင်လည်း အစောင့်ကျ စစ်သားများသည် ခရီးသွားများအား ရိုင်းစိုင်း ကြမ်းတမ်းစွာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ပုဏ္ဏားကျွန်း ဒေသခံများ ပြောပြချက်အရသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း စစ်တွေ ဆတ်ရိုးကျတံတားအောက်တွင်ရှိသည့် နေဗီမှ စစ်ကောင်စီတပ်သားများသည် ဘုတ်သမားများ နှင့် စက်လှေသမားများအား စစ်ဆေးမှုပြုလုပ်ပြီး အတင်းအဓမ္မငွေတောင်းယူမှုများရှိခဲ့သည်။

ယခုသတင်းတွင် ကားသမားများ၏ ဘေးကင်းလုံခြုံရေးကို ABN က ထည့်တွက်စဥ်းစားသောကြောင့် ကားသမားများ၏ နာမည်နှင့် လိပ်သာများကို တိတိကျကျ ဖော်ပြမထားခြင်းဖြစ်သည်။

ဓာတ်ပုံ-ရခိုင်ပြည်တွင်း စစ်ဆေးရေးဂိတ်တစ်နေရာ

မြောက်ဦးအနီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်စောင့်များ ကားသမားများထံမှ အတင်း အဓမ္မငွေတောင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ