Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးရှိ စစ်ကောင်စီတပ်ရင်းများသို့ စစ်ကား ၂၁ စီးဖြင့် ရိက္ခာပို့နေ

မင်းပြားမြို့တွင်ရှိသည့် စစ်ကောင်စီတပ် ၃၇၉၊ ၃၈၀နှင့် ၅၄၁ တပ်ရင်းတို့မှ မြောက်ဦးမြို့ ၅၄၀၊ ၃၇၇နှင့် ၅၈၀ တပ်ရင်းများသို့ စစ်ကား ၂၁ စီးဖြင့် ရိက္ခာများပို့နေကြောင်း မင်းပြားနှင့် မြောက်ဦး ဒေသခံများ ပြောကြားချက်အရ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ မနက် ၆ နာရီ ခွဲအချိန်မှစ၍ နေ့လယ် ၁၂နာရီထိ ၅ နာရီနီးပါးကြာ စစ်တပ်သုံး ကား ၂၁ စီးဖြင့် ရိက္ခာများ တင်ပို့ပေးနေကြောင်းသိရသည်။

” ဒီနေ့မနက် ၆ နာရီ ခွဲမှာ စစ်ကား ၇ စီး၊ ၉ နာရီမှာ ၄ စီး၊ ၉ နာရီ ၃၀ မိနစ်မှာ ၄စီးနှင့် ၁၁နာရီ မိနစ် ၂၀ မှာ ၆ စီး အကုန်လုံး ၂၁ စီးနှင့် ရိက္ခာပို့နေတယ်။ ကားထဲမှာ ရိက္ခာတွေက အပြည့်ပါ” ဟုမြောက်ဦး ဒေသခံတစ်ဦးက ABN ကိုပြောသည်။

ထိုရိက္ခာကားများတွင် ဆန်အိတ်၊ ငါးခြောက်၊ ဆီဗူးနှင့် တခြား စားနပ်ရိက္ခာများဖြစ်ကြောင်း မင်းပြားမြို့မှ မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

“ကားထဲမှာ ရိက္ခာတွေက ဆန်အိတ်တွေ၊ ငါးခြောက်ထုတ်တွေ၊ ဆီဗူးတွေအပြင် တခြား အိတ်သေးသေးလေးတွေလည်း အများကြီးတွေ့တယ်၊ ဘာတွေပါလဲတော့ သေချာမသိဘူး” ဟုပြောသည်။

ထို့အပြင် မြောက်ဦးသို့ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကားများတွင် ပျမ်းမျှအားဖြင့် ကားတစ်စီးလျင် စစ်သား ၂၅ ယောက်ခန့်မျှစီပါကြောင်း ဒေသခံများက ပြောသည်။

” မင်းပြားဖက်ကို ရိက္ခာနဲ့သွားတဲ့ခါတော့ စစ်ကားတွေမှာ စစ်သား တစ်ဦး၊ နှစ်ဦးလောက်ပဲပါတယ်၊ မြောက်ဦး ဖက်ပြန်အလာမှာတော့ စစ်ကား ၁ စီးမှာ အနည်းဆုံး စစ်သား ၂၅ ယောက်ထိပါတာတွေ့ရတယ်” ဟုပြောသည်။

ထိုစစ်ကောင်စီစစ်သားများကို မည်သည့် ဒေသဖက်သို့ ပို့ဆောင်ခြင်း ဖြစ်ကြောင်းကိုမူ ABN အနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ၆ နာရီကျော်ကလည်း မင်းပြားမှ မြောက်ဦး ဖက်သို့ စစ်ကောင်စီမှ စစ်ကား ၁၆ စီးဖြင့် ရိက္ခာများပို့ခဲ့ကြောင်းသိရသည်။

မနေ့က မနက် ၈ နာရီကျောက်လောက်အချိန်မှစ၍ မင်းပြား တိုင်းဗဟို (၉) စစ်ကောင်စီတပ်အခြေချတပ်စွဲထားသော တပ်ရင်းမှလည်း လက်နက်ကြီး၊ လက်နက်ငယ်များ ၃ နာရီနီးပါးကြာ ပစ်ခတ်ခဲ့သည်။

လူသားချင်းစာနာမှုဆိုင်ရာအပစ်ခတ်ရပ်စဲပြီးနောက် စစ်ကောင်စီဖက်မှ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော၊ ပလက်ဝ၊ တောင်ကုတ်နှင့် ဘူးသီးတောင်စသည့်မြို့နယ်တို့တွင် ရိက္ခာနှင့် စစ်သားအင်အားများ နေ့စဥ် ဖြည့်တင်းလျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ