AB News – ဖေဖော်ဝါရီ ၆၊ ၂၀၂၄
ရက္ခိုင်ပြည်ရှိ မြောက်ဦးမြို့ အခြေစိုက် စကခ ၉ လက်အောက်ခံ ခမရ ၃၇၈ တပ်ရင်းကို ယမန်နေ့ ဖေဖော်ဝါရီလ ၅ရက်၊ နံနက် ၉နာရီ ၃၀ မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ညီနောင်မဟာမိတ် ၃ဖွဲ့၏ ထုတ်ပြန်ချက်တွင် “မြောက်ဦးမြို့ရှိ ပြည်သူလူထုအား ဒုက္ခအမျိုးမျိုးပေးပြီး သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ခိုးယူလုယက်ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းများထဲမှ တစ်ခုဖြစ်သော စကခ ၉ လက်အောက်ခံ ခမရ ၃၇၈ တပ်ရင်း တစ်ခုလုံးအားလည်း ယနေ့၊ ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်” ဖော်ပြထားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၅ရက်၊ နံနက် ၉နာရီခွဲအချိန်တွင် ရက္ခိုင့်တပ်တော်က မြောက်ဦးမြို့ အခြေစိုက် စကခ ၉ လက်အောက်ခံ ခမရ ၃၇၈ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်ခဲ့သည်ဟု ဒေသခံ ၁ဦးက AB News သို့ ပြောကြားသည်။
“ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ရက်နေ့မှာ မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ခဲ့တယ်။ ယမန်နေ့မှလည်း ရက္ခိုင့်တပ်တော်က မြောက်ဦးဒေသခံတွေကို အနိုင်ကျင့် ဗိုလ်ကျနေတဲ့ ခမရ ၃၇၈ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်ခဲ့တယ်” ဟု ဆိုသည်။
မြောက်ဦးမြို့အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ ၃၇၇ တပ်ရင်း၊ ခမရ ၃၇၈နှင့် ခမရ ၅၄၀တပ်ရင်းများအနက် ခမရ ၃၇၈တပ်ရင်းနှင့် ခမရ ၅၄၀ တပ်ရင်းတို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ပြီးနောက် ခမရ ၃၇၇ တပ်ရင်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်နေ့၊ ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၃၀၀ကျော် ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း ညီနောင် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL