Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးတကြီးလိုအပ်နေ

ရခိုင်ပြည်၊ မြောက်ဦးမြို့ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများအရေးတကြီးလိုအပ်လျက်ရှိနေကြောင်း သိရသည်။

လက်ရှိတွင် အိမ်ထောင်စုအရေအတွက် ၁၉၁ စုရှိပြီး လူဦးရေ ၇၀၀ ကျော်ရှိနေပြီး စားဝတ်နေရေး ဖူလုံမှုမရှိသည့်အပြင် အနွေးထည်၊ စောင်၊ ခြင်ထောင် နှင့် ဆေးဝါးများလည်း လိုအပ်လျက်ရှိနေသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံက ပြောကြားသည်။

“စစ်ဘေးရှောင်တွေအတွက် ရိက္ခာတွေ မလောက်ဘူးဖြစ်နေတယ်။ ဆေးဝါနဲ့ စောင် အနွေးထည် ခြင်ထောင်တွေပါ လိုနေပါတယ်” ဟုပြောသည်။

စစ်ကောင်စီက စစ်ဘေးရှောင်များအား ရိက္ခာထောက်ပံ့များကို ပိတ်ပင်ထားပြီး INGO, NGO အဖွဲ့များကိုပါ မထောက်ပံ့ရန် ဟန့်တား ပိတ်ပင်ထားသည့်အတွက် စစ်ဘေးရှောင်များမှာ အထောက်အပံ့လည်းမရ နေရပ်သို့လည်းမပြန်နိုင်ဘဲ ရှိနေကြရသည်။

“အရင်ကတော့ အဆင်ပြေခဲ့ပါတယ်။ အခုကအခက်တွေ့နေရတယ်။ တချို့ဆို ဒီမှာအလုပ်မရှိလို့ ရွာပြန်သွားလိုက်၊ ပြီးရင် စစ်ဖြစ်မှာကိုစိုးရိမ်လို့ ပြန်လာလိုက်နဲ့ဖြစ်နေတယ်။ ICRC ကလည်း ရိက္ခာမထောက်ပံ့တော့ဘူး” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့သည့်ဩဂုတ်လကတည်းကပင် ထောက်ပံ့ကြေးငွေ မရရှိတော့သည့်အတွက် စစ်ဘေးရှောင်များမှာ အသက်ရှင်သန်ရေးအတွက် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

နိုင်ငံခြားမှာရှိနေတဲ့သူတွေဆီက တတ်နိုင်သလောက်လှူဒါန်းတာတွေနဲ့ စားသောက်နေကြရတယ်။ ရိက္ခာပြတ်လို့ စစ်ဘေးရှောင်တွေကို ဆန်ပြုတ်ကျွေးရတာလည်း ရှိတယ်။ အဲ့ဒါကြောင့် တစ်ချို့ပုဂ္ဂလိကအလှူရှင်တွေက တနိုင်တပိုင်လာလှူကြတွေရှိခဲ့တယ် အခုတော့ ဘာမှ မရဘူး ဟု ပြောသည်။

မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် မြောက်ဦးနယ်မှ ရွာဟောင်းတော၊ ဘုရားအုပ်၊ ပေါက်တောပြင်၊ အုပ်ဖိုကန်၊ ဝေသာလီ တို့မှ ဖြစ်ကြပြီး၊ ကျောက်တော်နယ်မှ တင်းမ၊ အောင်သာယာ၊ ပြိုင်းတိုက်၊ မီးလက်ဝ ရွာများမှ ဖြစ်ကြသည်ဟုသိရသည်။

ရခိုင်ပြည်တွင် အောက်တိုဘာ၊ နိုဝင်ဘာလများအတွင်း စစ်ရေးတင်းမာမှုများကြောင့် စစ်ဘေးရှောင်များမှာ နေရပ်ပြန်ရန် မဖြစ်နိုင်သေးသည့်အပြင် နောက်ထပ် စစ်ဘေးရှောင်အသစ် ၂ သောင်းကျော် တိုးလာနေသည်ဟု သိရသည်။

မြောက်ဦးမြို့ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးတကြီးလိုအပ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ