Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းအား စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေ၊ မြတန်ဆောင်းဆရာတော်အား ဖမ်းဆီးရန် ဖြစ်နိုင်ကြောင်း ဆရာတော်မိန့်

ရခိုင်ပြည် မြောက်ဦးမြို့ မြတန်ဆောင်းကျောင်းတွင် ဖွင့်လှစ်ထားသည့် မြတန်ဆောင်း စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက် ရှာဖွေခဲ့သည်။

စစ်ကောင်စီတပ်မှ စစ်ကားကြီး တစ်စီးအပြည့်ဖြင့် ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၈ နာရီခန့်က ရောက်ရှိလာပြီး စစ်ဘေးရှောင်စခန်းကို ဝိုင်းထားကာ စစ်သား ၆ ဦးက စစ်ရှောင်စခန်းထဲဝင်ရောက်၍ လှည့်လည်ရှာခြင်း၊ ဓာတ်ပုံရိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း စစ်ဘေးရှောင်များကပြောသည်။

“မနက်က စကစ စစ်သားတွေ ကားတစ်စီးအပြည့် ၇၀ လောက်ရှိမယ်၊ စခန်းကို ပတ်လည်ဝိုင်းထားပြီး ဘာရှာလဲတော့မသိဘူး။ ဘာစကားမှလည်းမပြောဘဲ ဓာတ်ပုံရိုက်တယ်” ဟု မြတန်ဆောင်း စစ်ဘေးရှောင်တစ်ဦးကပြောသည်။

စစ်ဘေးရှောင်စခန်းကို ဦးစီးဖွင့်ထားသည့် မြတန်ဆောင်းဆရာတော်ကမူ သူ့အားဖမ်းဆီးရန် လာရောက် ရှာဖွေခြင်း ဖြစ်နိုင်ကြောင်းပြောသည်။

“သူတို့ (စစ်ကောင်စီတပ်ဖွဲ့များ) က ဦးဇင်းကို ဖမ်းဖို့ လာရှာတာဖြစ်နိုင်တယ်။ ဒီကာလက စစ်ဘေးရှောင်အရေး ပရဟိတ လုပ်နေတဲ့သူတွေကို စစ်တပ်က ပစ်မှတ်ထားပြီးတော့ ဖမ်းနေတာတွေ့ရတယ်လေ။ ဦးဇင်းက ခရီးသွားနေလို့သာ မဟုတ်ရင် အဖမ်းခံရနိုင်တယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။

မြတန်ဆောင်းစစ်ဘေးရှောင်စခန်းသည် မြောက်ဦးမြို့တွင် စစ်ဘေးရှောင်အိမ်ထောင်စု ၂၈၀ ခန့်ရှိပြီး လူဦးရေ ၁၄၀၀ ကျော်ရှိသည်။

မြောက်ဦးမြို့မှ သတင်းထောက်ဖိုးသီဟ၊ လူမှုကွန်ယက်ဟာသလုပ်သူ ရင်ဆို့ (ခ) ကျော်ဇံဝေ၊ သာလီစွ ဆီဆိုင်ပိုင်ရှင် ဦးကျော်သိန်းလှိုင် စသည့်ပုဂ္ဂိုလ်များကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်။

ရခိုင်ပြည်တွင်း စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေးအထောက်အပံ့များအား ဖြတ်တောက်ထားပြီး စစ်ဘေးရှောင်များအား ကူညီကယ်ဆယ်ရေးလုပ်သည့် ပရဟိတသမားများကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးရန် ကြိုးပမ်းလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ