Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့ရှိ ရှေ့ဟောင်းနေရာတစ်ခုဖြစ်သည့် နန်းရာကုန်းတွင် လမ်းခင်းနေမှုအပေါ်ပြည်သူများ ဝေဖန်

ABN-ရှိုင်းမိုး

ရခိုင်ပြည် မြောက်ဦးမြို့၏ ရှေဟောင်းနေရာတစ်ခုဖြစ်သည့် နန်းရာကုန်းတွင် ယနေ့မနက်က ကျောက်လမ်းခင်းနေသည့်အတွက်ကြောင့် ပြည်သူများ ‌ဝေဖန်နေကြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စလှယ်ဟောင်းလည်းဖြစ် ULA/AA၏ မြောက်ဦးမြို့နယ် နိုင်ငံရေးမှူးလည်းဖြစ်သည့် ဦးဦးလှစောက “နန်းရာကုန်းကို ဖျက်ဆီးနေကြတာပဲ၊ အရမ်းဆိုးတဲ့လုပ်ရပ်ပဲ၊ နန္ဒပကျန်တွေလိုပါလား၊ ဒီဌာနကလူတွေ လွန်းလာပြီနော်” ဟု သူ၏ကိုယ်ပိုင် Facebook အကောင့်တွင် ပြောဆိုထားသည်။

မြောက်ဦးမြို့ စည်ပင်သာယာရေးအဖွဲ့ကို နန်းရာကုန်းတွင် ကျောက်လမ်းခင်းနေမှုနှင့်ပတ်သက်၍ ABN မှ ဖုန်းဆက်မေးမြန်းစဉ် မြောက်ဦးစည်ပင်က နန်းရာကုန်းမှာ ကျောက်လမ်းခင်းနေသည်ကို သူတို့မသိဟု ပြောပြီး ထိုလမ်းခင်းနေသည်ကိုလည်း စည်ပင်အနေနှင့် မည်သိုမျှ ပြောပိုင်ခွင့်မရှိကြောင်း ပြောသည်။

“နန်းရာကုန်းမှာ လမ်းဘယ်သူလုပ်နေတာလဲ၊ အဲဒီနေရာမှာ ဘယ်ဌာနက လမ်းလုပ်နေတာလဲ၊ စည်းပင်က မသိပါဘူး၊ စည်ပင်က လုပ်လည်းမလုပ်ပါဘူး၊ စည်ပင်ကလမ်းလုပ်တာဟာ တခြား စျေးကြီးဖက်တွေလုပ်ထားပါတယ်၊ ဂါရာတောင်တံတားဖက်ကိုလုပ်ပါတယ်၊ ဒါပေမယ့် နန်းရာကုန်းမှာ မလုပ်ပါဘူး၊ အခုလုပ်နေတာက ရှေးသုက ထင်ပါတယ်၊ ရှေးသုကလုပ်နေရင် စည်ပင်အနေနဲ့ ဘာမှ ပြောပိုင်ခွင့်မရှိပါဘူး” ဟုပြောသည်။

နန်းရာကုန်းတွင် လမ်းလုပ်နေမှုနှင့် ပတ်သက်ပြီး ပြည်သူများမှ လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်သံများ ထွက်ပေါ်နေလျက်ရှိနေသည်။ မြောက်ဦးမြိုခံတစ်ဦးမှ လမ်းလုပ်နေမှုနှင့် ပတ်သတ်ပြီး ပြောဆိုရာတွင် –

“သူတို့ နည်းနည်းများလာပြီ၊ နန်းရာကုန်းကို လမ်းလုပ်လို့ အဆင်ပြေမပြေ သူတိုသိပါတယ်၊ အခု လုပ်နေတာဟာသူတို့ တမင်ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာလို့ မြင်ပါတယ်၊ အဲဒါကို တားမြစ်သင့်တယ်လို့ ထင်ပါတယ်” ဟု ပြည်သူတစ်ဦးမှပြောသည်။

ပြည်သူများ ဝေဖန်နေသည်မှာ “ နန်းရာကုန်းဧရိယာမှာ မြေနီလမ်းလောက်ဆိုရင်လုံလောက်ပါတယ်၊ အခုလို ကျောက်လမ်းတွေဘာတွေ လုပ်တာကို ဖြစ်နိုင်ရင်မလုပ်စေချင်ပါဘူး” ဟု နောက်ထပ်ပြည်သူ တစ်ဦးမှပြောသည်။

မြောက်ဦးမြိုမှ ဒေသခံတစ်ဦးမှ “ကျွန်တော်ဘာမှ မသိပါဘူး၊ အင်တာနက်ပေါ်မှ တတ်လာမှ မြင်တာပါ၊ နန်းရာကုန်းကိုက တခါတလေမှ သွားဖြစ်တာပါ၊ ဒါပေမယ့် အခုလိုနန်းရာကုန်းမှာ ကျောက်လမ်းခမ်းနေတာကိုတော့ လုံးဝကန့်ကွက်ပါတယ်၊ ဖြစ်နိုင်ရင်အဲဒါကို စုပေါင်းပြီး တားမြစ်စေချင်ပါတယ်” ဟု ပြောသည်။

ထို့အပြင် နောက်ထပ်မြောက်ဦးမြို့မှ ပြည်သူတစ်ဦးကလည်း နန်းရာကုန်းဆိုသည်မှာ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ကြောင်း၊ ရခိုင်တို့၏ ပြယုဂ်တစ်ခုလည်းဖြစ်ကြောင်း၊ ထိုကဲ့သိုသော နေရာတွင် ရှေးသုက လမ်းခင်းနေသည်မှာ ရှေးဟောင်းအမွေအနှစ်များကို ဖျက်ဆီးရာရောက်နေကြောင်း ပြောသည်။

“နန်းရာကုန်းဆိုတာက ရှေးဟောင်အမွေနှစ်တစ်ခုဖြစ်တယ်၊ ရခိုင်တို့ရဲ ပြယုဂ်နေရာတစ်ခုလည်း ဖြစ်တယ်၊ ဒီနေရာမှာ လမ်းခမ်းဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ရှေးသုကနေပြီးတော့ လမ်းခမ်းနေတာဆိုရင် ရှေးသုအနေနဲ့ ရှေးဟောင်းအမွေနှစ်တွေကို ဖျက်ဆီးနေတာပဲ” ဟု မြောက်ဦးဒေသခံတစ်ဦးမှ ပြောသည်။

ယခုကဲ့သို ပြည်သူများဝေဖန်မှုနှင့် ပတ်သက်ပြီး မြောက်ဦးရှေးဟောင်းသုသေသန ဌာနကို ABN သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူမှာ အစည်းဝေးတွင်း ‌ရောက်ရှိနေသည့်အတွက်ကြောင့် နောက်နောင်မှာ ဆက်သွယ်ပေးလိုကြောင်း ဝန်ထမ်းတစ်ဦးမှ ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ