
ABN-ထက်မြတ်ခင်
ရခိုင်ပြည် မြောက်ဦးမြို့နယ် ပြလှကျေးရွာသားများနှင့် ပြလှကယ်ဆယ်ရေး စစ်ဘေးရှောင်များမှာ ရွာရှိ ရေကန်များခမ်းခြောက်သွားသဖြင့် ရေရှားပါးမှု အခက်အခဲဖြင့် ရင်ဆိုင်နေကြရသည်ဟုသိရသည်။
ပြလှကျေးရွာတွင် အိမ်ထောင်စု စုစုပေါင်း ၁၀၀ကျော်ခန့်နှင့် ပြလှကယ်ဆယ်ရေး စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု စုစုပေါင်း ၁၀၀ခန့်ရှိပြီး ယခုအခါရေရှားပါးမှုဒဏ်နှင့် ကြုံနေရကာ အနီးရှိကျေးရွာများသို့ မိနစ် ၃၀ ခန့်ကြာရေခပ်သုံးနေရကြောင်း ပြလှကျေးရွာမှ ဦးဘသန်းစိန်က ABN သို့ပြောသည်။
“ကျတော်တို့ရွာမှာ ရေကန်၂ကန်ရှိပါတယ် အဲဒီကန် ၂ ကန်လုံး ခမ်းခြောက်သွားတာပါ ကျတော်တို့အခုရေခပ်ရင် ရွာအနီးနားရွာတွေက လိုက်ခပ်ရပါတယ် ။ ဆိုင်ကယ်ရှိတဲ့သူတွေမှာတော့ ဆိုင်ကယ်နဲ့ခပ်ပါတယ်။ မရှိတဲ့သူတွေမှာတော့ ခြေကျင် သွားခပ်ရပါတယ်၊ တခါတခါရေသွားခပ်ရင် နာရီခွဲနီးပါးကြာပါတယ်” ဟုပြောသည်။
ထိုရေရှားမူနှင့်ပတ်သက်ပြီး အဖွဲ့အစည်းများကို အကူညီတောင်းခံထားသော်လည်း ပြလှကျေးရွာနှင့် မော်ရီကန်ကျေးရွာကြားရှိ တံတားများမှာ ပျက်စီးနေသောကြောင့် ၎င်းအဖွဲ့များမှာ လာရောက်အကူအညီပေးရန် အခက်ခဲများရှိနေသည်ဟု ၎င်းကပြောသည်။
“ကျတော်တို့ရွာမှာ အခုလိုရေရှားနေတာကို ကျတော်တို့က ဆာရာအဖွဲ့များမှ အကူညီတောင်းတော့ သူတို့က ၃၀၀၀လီတာဘူးကြီး၂ဘူးဖြင့် ၁ ပတ်လျှင် ၁ ကြိမ်လာပေးမယ်လို့ပြောတယ်။ ဒါပေမယ့် ရွာတံတားက ပျက်စီးနေတော့ အဆင်မပြေဖြစ်နေတယ်။ အဲဒီတံတားကိုတော့ အခုကျနော်တို့ပြုပြင်နေတယ်” ဟုပြောသည်။
ပြလှကျေးရွာရှိ စစ်ဘေးရှောင်အများစုမှာ ပေါက်တောပြင်၊ အောက်သကန်၊ ဘူးရွယ်မညိုးနှင့် ဝေသာလီကျေးရွာတို့မှဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည်ရှိ မြို့များအပါအဝင် ကျေးရွာများတွင် သောက်သုံး ရေတွင်း ရေကန်များ ခမ်းခြောက်မှုများကြောင့် ရေရှားပါးမှု ပြဿနာဖြင့် ရင်ဆိုင်နေကြရသည်။



