Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာသစ်တွင် လူမိုက်ဂိုဏ်းကို ULA/AA က ဖမ်းဆီးအရေးယူခြင်းနှင့်ပတ်သက်၍ အွန်လိုင်းပေါ်တွင် ဓာတ်ပုံအမှား သတင်းအမှားများဖြင့် ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း အစ္စလာမ်သာသနာရေးကောင်စီ၊ အိုလမာအစ္စလာမ်သာသနာပညာရှင်များအဖွဲ့နှင့် မူဆလင် ၁၃ ရွာအုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာသစ်တွင် လူမိုက်ဂိုဏ်းကို ULA/AA က ဖမ်းဆီးအရေးယူခြင်းနှင့်ပတ်သက်၍ အွန်လိုင်းပေါ်တွင် ဓာတ်ပုံအမှား သတင်းအမှားများဖြင့် ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း အစ္စလာမ်သာသနာရေးကောင်စီ၊ အိုလမာအစ္စလာမ်သာသနာပညာရှင်များအဖွဲ့နှင့် မူဆလင် ၁၃ ရွာအုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာသစ်ရွာရှိ လူမိုက်ဂိုဏ်း ၁ ခုကို အာရက္ခပြည်သူ့အစိုးရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးထိန်းသိမ်းခဲ့မှုနှင့်ပတ်သက်၍ မသမာသူ အချို့က အင်တာနက် အွန်လှိုင်းပေါ်တွင် ဓာတ်ပုံအမှားများကို အသုံးပြုကာ ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း မြောက်ဦးမြို့နယ် အစ္စလာမ်သာသနာရေးကောင်စီ၊ အိုလမာအစ္စလာမ် သာသနာပညာရှင်များအဖွဲ့နှင့် မူဆလင် ၁၃ ရွာ အုပ်ချုပ်ရေးအဖွဲ့များက သဘောထားထုတ်ပြန်လိုက်သည်။

“Internet Online ပေါ်တွင် ဓာတ်ပုံအမှားများဖြင့် ဝါဒဖြန့်နေခြင်းသည် သတင်းအမှားများဖြစ်ကြောင်း၊ မြောက်ဦးမြို့နယ် အတွင်းရှိ အိစ္စလာမ်သာသနာရေးကောင်စီ၊ အိုလမာအိစ္စလာမ် သာသနာပညာရှင်များအဖွဲ့နှင့် မူဆလင် ၁၃ ရွာမှ အုပ်ချုပ်ရေးအဖွဲ့များ သဘောထားထုတ်ပြန်လိုက်ပါသည်” ဟု ထုတ်ပြန်ချက် စာပိုဒ် (ဈ)တွင် ရေးသားထုတ်ပြန်ထားသည်။

မြောက်ဦးမြို့နယ် အစ္စလာမ်သာသနာရေးကောင်စီ၊ အိုလမာအိစ္စလာမ် သာသနာပညာရှင်များအဖွဲ့နှင့် မူဆလင် ၁၃ ရွာ အုပ်ချုပ်ရေးအဖွဲ့များက သဘောထားထုတ်ပြန်ချက်ကို ဧပြီလ ၁၂ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ကို တွေ့ရသည်။

ဖြစ်စဥ်မှာ ‌မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာသစ်ရွာနေ ဦးဂျော်ဘော် ဦးဆောင်သော လူမိုက်ဂိုဏ်းအဖွဲ့သည် ယခုနှစ် မတ်လ ၃၀ ရက်နေ့က ရာအိမ်မှူးဦးနော်ရော်လောက်အား ဦးဂျော်ဘော်အဖွဲ့မှ ဝိုင်းဝန်းအနိုင်ကျင့်သဖြင့် ဒဏ်ရာပြင်းထန်ရသွားခဲ့သောကြောင့် မှုခင်းအား ULA/AA အာရက္ခပြည်သူ့အာရက္ခပြည်သူ့အစိုးရထံ တိုင်ချက်ဖွင့်လာခဲ့ရာ မတ်လ ၃၁ ရက်နေ့က တရားခံအား ဖမ်းဆီးရန် သွားသည့် ရဲတပ်ဖွဲ့ဝင်များမှာ ခုခံတိုက်ခိုက်ခံခဲ့ရပြီး အငှားကားမောင်းသမား ဦးသန်းထွန်းမောင်မှာ ပြင်းထန်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

ထို့နောက် ဧပြီလ ၅ ရက်နေ့က အာရက္ခပြည်သူ့အစိုးရ ရဲတပ်ဖွဲ့ဝင်များ၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် မူဆလင် ၁၃ ရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး ဦးဂျော်ဘော်ဦးဆောင်သည့် လူမိုက်ဂိုဏ်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သဘောထား ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုသို့ ဖမ်းဆီးရာတွင် တရားခံ ဦးဂျော်ဘော်၏ ဇနီးဒေါ်ကော်လီမော်လီဆားသည် လူမိုက်ဂိုဏ်းသားများနှင့်အတူ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များအား အုပ်စုဖွဲ့၍ တုတ်၊ ဓား၊ ဂျင်ကလိမြှားစူးများဖြင့် ခုခံတိုက်ခိုက်ခဲ့သဖြင့် ဦးဂျော်ဘော်၏ ဇနီးမှာ ဒဏ်ရာရရှိသွားပြီး ထိုနေ့ ညနေက သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသည့် ဦးဂျော်ဘော်၏ ဇနီးဒေါ်ကော်လီမော်လီဆား၏ ရုပ်အလောင်းအား ဘာသာရေး ထုံးတမ်းစဥ်လာအရ သင်္ဂြိုလ်လိုက်ပြီး မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းအပြင် ရခိုင်ပြည်အတွင်း အေးချမ်းစွာ နေထိုင်လိုသော မူဆလင်များနှင့် ရခိုင်လူမျိုးများအကြား သဟဇာတဖြစ်မှုနှင့် အတူတကွ ယှဥ်တွဲနေထိုင်ရေးကို လုပ်ဆောင်နေသော ULA/AA အား မူဆလင်အသိုင်းအဝိုင်းမှ ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ပါရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ