Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာရှိ သူခိုးဓားမြဂိုဏ်း ၁ ခုကို ရက္ခိုင့်တပ်တော်က ဝင်ရောက်ဖမ်းဆီး

မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာရှိ သူခိုးဓားမြဂိုဏ်း ၁ ခုကို ရက္ခိုင့်တပ်တော်က ဝင်ရောက်ဖမ်းဆီး

ABN-ဧပြီ ၅ ရက်

ယနေ့ဧပြီ ၅ ရက်နေ့ နံနက် ၈ နာရီခန့်က မင်းပြားနှင့် မြောက်ဦးကြားတွင်ရှိသည့် ပေါင်းတုတ် (မူဆလင်) ရွာရှိ သူခိုးဓားမြဂိုဏ်း ၁ ခုကို ရက္ခိုင့်တပ်တော် စစ်ကြောင်းတစ်ခုက ဝင်ရောက်ကာ ဖမ်းဆီးလိုက်ကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။

ပေါင်းတုတ်ရွာရှိ သူခိုးဓားမြဂိုဏ်းတစ်ခုမှာ စစ်ကောင်စီတပ်နှင့် ပေါင်းကာ လူသတ်ခြင်း၊ ဓားမြတိုက်ခြင်း၊ ပစ္စည်းများအား ခိုးယူခြင်းနှင့် ရွာသားများအား နှောက်ယှက်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ပေါင်းတုတ်ရွာသားများ သက်ဆိုင်ရာ ရက္ခိုင့်တပ်တော် နယ်မြေရဲဌာနသို့ လာရောက်တိုင်တန်းလာ၍ ဝင်ရောက်စီးနှင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသတာဝန်ရှိသူ ၁ ဦးက ပြောသည်။

“ပေါင်းတုတ်ရွာက ရွာသားတစ်ချို့ဟာ မြန်မာစစ်တပ်နှင့်ပေါင်းပြီးတော့ ဂိုဏ်းဖွဲ့ပြီး မတရားမှုတွေကို ကျူးလွန်နေကြတယ်၊ ဓားမြတိုက် လူသတ် အလောင်းဖျောက်တာတွေကိုလုပ်တဲ့အပြင် ရွာသားတွေကိုပါ ဒုက္ခအမျိုးမျိုးပေးတာတွေရှိနေတယ်။ လာရောက်ဖမ်းဆီးအရေးယူပေးပါလို့ တိုင်လာလို့ ကျနော်တို့ တာဝန်အရ ဖမ်းဆီးလိုက်ရတာဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် ထိုရွာမှ သူခိုးဓားမြများကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးထားပြီး ရွာမှာလည်း ဆူပူမှုမရှိ အေးချမ်းသည့်အခြေအနေတွင် ရှိကြောင်း ပြောသည်။

“သေနတ် ပစ်ဖောက်လိုက်ရတာရှိပါတယ်။ ဂိုဏ်သား ၅ ယောက်လောက်ကို ဖမ်းထားပြီးဖြစ်တယ်။ ကျေးရွာမှာလည်း ဆူပူတာ မရှိတော့ပါဘူး။ ရွာလည်း အေးဆေးသွားပြီ။ ဒီနေရာမှာ လူမျိုး‌ရေး ဘာသာရေးနှင့် ဘာမှမဆိုင်ပါဘူး။ ကျနော်တို့ ရခိုင်ပြည်မှာရှိတဲ့ ပြည်သူတွေ လုံခြုံရေးအတွက်ပဲ တာဝန်အရ လုပ်ရတာဖြစ်ပါတယ်” ဟု မြောက်ဦးမြို့နယ် နိုင်ငံရေးမှူး ဦးဦးလှစောက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က အမှုတိုင်တန်းမှုကြောင့် ရက္ခိုင့်တပ်တော် နယ်မြေရဲတပ်ဖွဲ့က ပေါင်းတုတ်ရွာသို့ ဖမ်းဆီးရန် သွားရောက်စဥ် ပြန်လည် ခုခံတိုက်ခိုက်ခံခဲ့ရ၍ ကားအငှားမောင်းလိုက်လာသည့် ကားသမား ၁ ဦးတွင် ဘယ်ဖက်လက် ၁ ဖက် ဓားဖြင့် ခုတ်ဖြတ်ခံလိုက်ရပြီး ခန္ဓာကိုယ်တွင်လည်း ဓားဒဏ်များစွာ ရရှိသွားကြောင်း သိရသည်။

ထို့အပြင် ပေါင်းတုတ်ရွာကို စစ်ကောင်စီတပ်ကလည်း ဝင်ရောက်ရန် ကြိုးစားနေသည့်အတွက် ရက္ခိုင့်တပ်တော်နှင့် စစ်ရေး တင်းမာလာနိုင်သည့် အခြေအနေရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ