Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းရှိ လူဦးရေ ၁၂၀၀ ကျော် စားနပ်ရိက္ခါ ပြတ်လပ်နေ

AB News – နိုဝင်ဘာ ၂၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းရှိ အိမ်ထောင်စု ၆၆၃စုမှ လူဦးရေ ၁၂၀၀ကျော်မှာ စားနပ်ရိက္ခါ ပြတ်လပ်နေကြောင်း စခန်းတာဝန်ရှိသူက AB News သို့ ပြောသည်။

နိုဝင်ဘာလ ၁၃ရက်နေ့မှ စ၍ စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ စတင်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသောကြောင့် ရက္ခိုင်ပြည်ရှိ မြို့၊ရွာများမှာ စားနပ်ရိက္ခါ၊ စက်သုံးဆီနှင့် ဆေးဝါးများပြတ်တောက်နေပြီး တိမ်ညိုစစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု ၆၆၃စုမှာ WFP၊ ICRC စသည့် အဖွဲ့များမှ ကူညီထောက်ပံ့မှုများ မရရှိသည်မှာ ၃လကျော်ရှိနေပြီဖြစ်သည်။

တိုက်ပွဲအတွင်း အလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်းများ မြင့်တက်နေမှုများကြောင့် စားနပ်ရိက္ခာများ ပြတ်တောက်နေရသည်ဟု တိမ်ညိုစစ်ဘေးရှောင်စခန်းပြန်ကြားရေး တာဝန်ခံက ပြောသည်။

“ဒီစခန်းက မိသားစု ၆၆၃စုဟာ ရိက္ခာ ပြတ်လပ်နေကြတယ်။ စစ်ပွဲတွေ ဖြစ်နေတော့ လုပ်ကိုင်စားသောက်ဖို့လည်း အဆင်မပြေဘူး။ WFP အဖွဲ့ကလည်း မထောက်ပံ့တာ ၃လ ကျော်နေပြီ။ ICRC အဖွဲ့ကလည်း စစ်ရှောင်အသစ်တွေကိုသာ ထောက်ပံ့မယ်ဆိုပြီးပြောတယ်။ အခု ကုန်ဈေးနှုန်းတွေကလည်း မိုးထိအောင်မြင့်နေတော့ စခန်းက လူတွေ အငတ်ဘေးကြုံရတော့မယ့် အခြေနေတောင် ရောက်နိုင်တယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်မိသားစုများမှာ စစ်ပွဲကာလအတွင်း အပြင်ထွက်ပြီး အလုပ်မလုပ်ရဲသောကြောင့် အလုပ်လက်မဲ့ဖြစ်နေကြပြီး ကုန်ဈေးနှုန်းများမှာလည်း မြင့်တက်နေသောကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေသည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

“တိုက်ပွဲတွေဖြစ်နေတော့ အပြင်ထွက်ပြီး အလုပ်မလုပ်ရဲကြဘူး။ ဆန်ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်နေတယ်။ တစ်အိမ်က တစ်အိမ် ချေးငှားပြီး စားနေရတယ်။ ချေးမရတော့လည်း ၁နပ်တည်း စားနေကြတယ်။ အဖွဲ့အစည်းတွေကလည်း အကူအညီတွေ မရတာ ကြာပြီ” ဟု ဆိုသည်။

ရက္ခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းအများစုတွင် စားနပ်ရိက္ခာအခက်ကြုံနေကြရပြီး နောက်ထပ် အသစ်တိုးလာသည့် စစ်ဘေးရှောင်များမှာလည်း ကူညီကယ်ဆယ်ရေး မရသည့်အတွက် ရေရှည်မှာ အခက်တွေ့လာနိုင်သည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ