
ABN-ထက်မြတ်ခင်
ဩဂုတ် ၂၃ရက်
မြောက်ဦးမြို့နယ် ပုရိန်(မူဆလင်)ကျေးရွာမှအမျိုးသားတစ်ဦး လေးမြို့မြစ်ကမ်းပါးပြိုကျ၍ ၎င်း၏အိမ်အနီးရှိသစ်ပင်ကို ခုတ်ရာ၌ သစ်ပင်နှင့်အတူချောင်းထဲသို့မျောပါသွားပြီး ပျောက်ဆုံးနေသည်ဟုသိရသည်။
ပျောက်ဆုံးနေသူမှာ မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာမှ အဖဦးအာမီ၏သား အသက် ၄၃အရွယ် ပွီးလှဖြစ်ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ ၂၂ရက်နေ့ နံနက် ၁၀ နာရီအချိန့်က ဦးပွီးလှမှာ လေးမြို့မြစ်ကမ်း
ပါးပြိုကျ၍ ၎င်း၏အိမ်အနီးရှိ သစ်ပင် မြစ်ကမ်းပါးပြိုကျရာတွင်ပါသွားမည်ကို စိုးရိမ်၍ ကြိုတင်ခုတ်ရာ၌ သစ်ပင်နှင့်အတူချောင်းထဲသို့မျောပါခြင်းဖြစ်သည်ဟု ၎င်း၏အသိမိတ်ဆွေတစ်ဦးကပြောသည်။
“အခုက လေးမြို့မြစ်ကမ်းပါးကျတာများပါတယ်၊ သူ့အိမ်အနားကအပင်က ချောင်းနဲ့အနီးမှာရှိတာဆိုတော့ ကမ်းပါးပြိုကျရာမှာ အပင်ပါသွားမှာကို စိုးရိမ်းလို့ခုတ်တာမှာ အခုလိုဖြစ်သွားတာပါ” ဟုပြောသည်။
ပျောက်ဆုံးနေသည့် ဦးပွီးလှကို ယခုအချိန်ထိ ရှာမတွေ့သေးဟုသိရသည်။
ရခိုင်တွင် ယခုနှစ်မိုးရာသီအတွင်း ရေနစ်သေဆုံးသူ စုစုပေါင်း ၃၀နီးပါးရှိပြီဖြစ်ကြောင်း ABNမှ စုံစမ်းသိရှိရသည်။
ဓာတ်ပုံ-လူနှင့်သစ်ပင် အတူမျောပါသွားခဲ့သည့် ချောက်ကမ်းပါး