Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် “စိမ်းလန်းစီ”မှ စိုက်ပျိုးထားသော အပင်များ ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခံရ

ABN-ရှိုင်းမိုး

ဇွန် ၂၁ရက်

ရခိုင်ပြည် မြောက်ဦးမြို့နယ် ပီပင်ရင်းရွာအနီးနှင့် အဝေးပြေးကားလမ်းမကြီးဘေးတွင် စိုက်ပျိုးထားသော အပင်များကို ဖျက်ဆီးခံလိုက်ရသည်ဟုသိရသည်။

ဇွန်လ ၁၈ရက်နေ့ ညန ၆နာရီကျော်အချိန်တွင် ပီပင်ရင်းရွာ ကယ်ဆယ်ရေးတွင်နေထိုင်သည့် အသက် ၁၆ နှစ်အရွယ်ရှိ မောင်အောင်မျိုးသန်းမှ ဓားဖြင့်ခုတ်ဖြတ် ဖျက်ဆီးသွားသည်ဟုသိရသည်။

ဖျက်စီးခံရသောအပင်အမျိုးအစားမှာ ​မြေစံရှားဟုသိရသည်။ ဖျက်စီးခံရသောအပင်များသည် လက်ရှိစိုက်ပျိုးထားသော အပင်များထဲမှ ကြီးထွားမှုအကောင်းဆုံးနှင့် အရှည်ဆုံးအပင်များဖြစ်ကြောင်း တာဝန်ရှိသူ ကိုဇော်လင်းဦးကပြောသည်။

“အခုဖျက်ဆီးခံလိုက်ရတဲ့ အပင်တွေက ကြီးထွားမှုအမြန်ဆုံးအပင်တွေပါ၊ ကျွန်နော်တို့ကတော့ ရည်ရွယ်ချက်ရှိရှိဖျက်ဆီးတယ်လို့ထင်ပါတယ်၊ အခုလို အပင်တွေ ဖျက်စီးခံလိုက်ရတဲ့အတွက်အများကြီးစိတ်မကောင်းဖြစ်မိတယ်၊ အပင်တစ်ပင်ဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး” ဟု၎င်းကပြောသည်။

ထိုအပင်များသည် ၂၀၂၂ ခုနှစ်ကစိမ်းလန်းစီမှ လာရောက်စိုက်ပျိုးထားသောအပင်များဖြစ်သည်ဟုသိရသည်။

အပင်များကို ဓားဖြင့်ခုတ်ဖြတ် ဖျက်ဆီးသွားခဲ့သည်မှာ မှန်ကန်ကြောင်း ကယ်ဆယ်ရေးမှ လူငယ်က ဝန်ခံသော်လည်း မည်သည့်အကြောင်းကြောင့် လုပ်ခဲ့သည်ကိုမူ ပြောကြားခြင်းမရှိဟု ပီပင်ရင်း ရွာသား ဦးမောင်လှချေက ပြောသည်။

“သူက ကျနော်တို့ ရွာကမဟုတ်ပါဘူး၊ ကယ်ဆယ်ရေးမှာနေတာပါ၊ သူက မနေ့က အုပ်ကြီးအိမ်မှာ ဝန်ခံပါတယ်၊ အသက် ၁၆နှစ်တောင်ရှိနေပြီး ကလေးမဟုတ်တော့ပါဘူး၊ သူ့အမေကတော့ နောက်တခါမဖြစ်ရအောင်ဆုံးမထားမယ်လို့ပြောပါတယ်၊ အခုလိုအပင်ကိုဖျက်ဆီးတာဟာ သူမသိလို့လုပ်တာမဟုတ်ဘူး၊ အခုလို လုပ်တာဟာ သဘာဝကိုဖျက်ဆီးတာနဲ့တူပါတယ်၊ အခုလို့လုပ်တာကို ကျနော်တို့ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး” ဟု ၎င်းကဆိုသည်။

ယမန်နေ့ကလည်း မြောက်ဦးမြို့နယ် လက္ကာရွာရှိ လမ်းတလျောက်တွင် အရိပ်ရသစ်ပင်များကို ဒေသခံပြည်သူများနှင့်အတူ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ စိုက်ပျိုးခဲ့ကြသည်ဟု ဓာတ်ပုံများနှင့် ရက္ခိုင့်တပ်တော်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-စိမ်းလန်းစီ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ