Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် ကွမ်းသီးပင်စိုက်ခင်း ဧက ၁၀၀၀ ကျော် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံး

ABN-ရာဟု

ရခိုင်ပြည် မြောက်ဦးမြို့နယ်တွင် ကွမ်းသီးပင်စိုက်ခင်း ဧက ၁၀၀၀ကျော် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။

မြောက်ဦးမြို့နယ်တွင် ကွမ်းသီးပင်စိုက်ခင်း များရှိပြီး ကွမ်းသီးအထွက်များသည့် ဒေသတစ်ခုဖြစ်သော်လည်း မိုခါမုန်တိုင်းဒဏ်ကြောင့် ကွမ်းသီးပင်များ ကျိုးကျပျက်စီးခြင်း၊ လဲကျခြင်းများဖြစ်ကာ ပျက်စီးသွားသည့်အတွက် ကွမ်းသီးပင် စိုက်ခင်း ပိုင်ရှင်များမှာ မိသားစုစားဝတ်နေရေး ထိခိုက်မှာကို စိုးရိမ်နေကြသည်ဟု ကွမ်းသီးပင်စိုက်ခင်း ပိုင်ရှင်များပြောပြချက်အရ သိရသည်။

“ကွမ်းသီးပင်စိုက်ခင်းတွေက အကုန်ပါသွားပြီ ၊ ကျိုးကျတာနဲ့ လဲကျသွားကြတာ ၊ ရှိတာဆိုလို့ ကွမ်းသီးပင်စိုက်ခင်း တွေဘဲရှိတာ၊ အဲက ရတဲ့ပိုက်ဆံနဲ့ စားနေရတာ၊ အခုအကုန်ပါသွားတော့ ဘယ်လိုလုပ်ရမလဲ မသိတောဘူ” ဟု ကွမ်းသီးပင်စိုက်ခင်း ပိုင်ရှင် ဦးမောင်သိန်းက ABNကိုပြောသည်။

ရှောက်ပုန်ကျွန်း၊ သကြား၊ သရက်အုပ်၊ ပိုးဖြူကျွန်း ၊လေးမြို့စား၊ အထုပ်သည်၊ မြောင်းဘွေ၊ မောင်ညိုကျွန်းစသည့် ကျေးရွာများတွင်လည်းနေအိမ်များစွာပျက်စီးခဲ့သည့်အပြင် ကွမ်းသီးပင်စိုက်ခင်းများ ပျက်စီးခဲ့သည့်အတွက် ပြည်သူများအခက်အခဲဖြစ်နေကြရသည်။

ကွမ်းသီးပင်စိုက်ခင်း ဧက၁၀၀၀ကျော် ပျက်စီးမှုကို ရက္ခိုင့်တပ်တော် နယ်မြေရုံးများ၏ အပျက်အစီးစာရင်း အချက်အလက်များအရ သိရခြင်းဖြစ်သည်။

“ကျနော်တို့ ကွမ်းသီးပင်စိုက်ခင်း ပျက်စီးမှုစာရင်းတွေကို လိုက်ကောက်ထားတာရှိတယ် ၊ ဧက ၁၀၀၀ကျော်နေပြီ၊ အချက်အလက်က မရရှိတာလည်းရှိဦးမယ် ၊ အကုန်မပြည့်စုံသေးဘူး” ဟု အမည်မဖော်လိုသည့် နယ်မြေရုံးတာဝန်ရှိသူ တစ်ဦးက ABN သို့ ပြောဆိုသည်။

ကွမ်းသီးပင်စိုက်ခင်းများ ပြန်စိုက်ရန် အနည်းဆုံး ၇နှစ် ၈နှစ်အထိကြာပြီး ကိုင်းဆက် စိုက်လျှင်လည်း အနည်းဆုံး ၄နှစ်၅နှစ်ခန့် ကြာနိုင်သည့်အတွက် စားဝတ်နေရေးနှင့် မိသားစု ပညာရေးကျန်းမာရေးတို့အတွက် အခက်အခဲများဖြစ်လာမည်ကို စိုးရိမ်မိသည်ဟု ကိုထွန်းစိန်လှက ABN ကို ပြောဆိုသည်။

မုန်တိုင်းဒဏ်သင့်ခဲ့သည့် အခြားသော မြို့နယ်များတွင်လည်း ကွမ်းသီးပင်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ရခိုင်ပြည်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် သီးနှံစိုက်ခင်းများစွာပျက်စီး ဆုံးရှုံးပြီး စုစုပေါင်းခန့်မှန်းခြေ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားသည်ဟု သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ