ABN-ရှိုင်းမိုး
ရခိုင်ပြည် မြောက်ဦးမြို့နယ် အုတ်ဖိုကန်ရွာအလွန် ငရုတ်ကောင်းစိကောက်ကွေ့အနီးတွင် ဧပြီ ၃ ရက်နေ့ ညည့် ၁၀နာရီကျော် အချိန်ခန့်တွင် ကားနှင့် ဘေးတွဲဆိုင်ကယ်တို့ တိုက်မိပြီး ဘေးတွဲမောင်းသူ သေဆုံးသွားသည်ဟုသိရသည်။
သေဆုံးသွားသောသူမှာ မြောက်ဦးမြို့နယ် အုပ်ဖိုကန်ရွာမှ အသက် ၅၈နှစ်အရွယ် ဦးစံညွန့်ဖြစ်သည်။
သူသည် အုပ်ဖိုကန်ရွာမှ မြောက်ဦးမြို့လက်ကောက်ဈေး စစ်ဘေးရှောင်စခန်းသို့ ခရီးသည်ပို့ရန်သွားသည့်အချိန်တွင် ကျောက်တော်မြို့နယ်သရက်တပင်ရွာမှ ထွက်လာသော ဦးမောင်ဆန်းတင်မောင်းလာသောကားနှင့် တိုက်မိ၍ ဘေးတွဲဆိုင်ကယ်မောင်းသူ သေဆုံးသွားခြင်းဖြစ်သည်။
ဘေးတွဲဆိုင်ကယ်ဖြင့်လိုက်ပါလာသော စစ်ဘေးရှောင်ခရီးသည်သားဖနှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိသွားသောကြောင့် မြောက်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေကြရသည်ဟုသိရသည်။
” လမ်းက ကောက်ကွေ့ပါ၊ အဲဒီမှာ တိုက်မိတာ၊ ဆိုင်ကယ်သမားက တိုက်မိတဲ့နေရာမှာတင် သေဆုံးသွားပါတယ်၊ ဆိုင်ကယ်မှာ ပါလာတဲ့ သားဖနှစ်ယောက်ကတော့ ဆေးရုံတင်ထားရပါတယ်၊ ကားသမားဖက်ကတော့စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်” ဟုဒေသခံတစ်ဦးမှပြောသည်။
ကားမောင်းသူဦးမောင်ဆန်းတင်နှင့် ၎င်းကားပေါ်ပါလာသူတစ်ဦးမှာ ထိခိုက်မှုရှိသော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။
ဓာတ်ပုံ-APM


