Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့ထဲကို စစ်ကောင်စီတပ်က အင်အားပြ ဝင်ရောက်စစ်ဆေးနေ

ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စပြီး မြောက်ဦးမြို့ထဲကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ခန့် ဝင်ရောက်ပြီး လမ်းသွား လမ်းလာ ပြည်သူများနှင့် ဆိုင်ကယ် လိုင်စင်များကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယနေ့နံနက်ပိုင်း ၁၀ နာရီကျော်မှ စကာ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ခန့်သည် စစ်ကား ၂ စီးဖြင့် မြောက်ဦးမြို့ထဲကို ဝင်ရောက်လာပြီး လမ်းမများတွင် ဂိတ်ချ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြောက်ဦးမြို့ခံ တစ်ဦးက ABN ကို အတည်ပြုပြောကြားသည်။

“ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ဗမာစစ်သား ၁၀၀ ကျော်လောက်ပါမယ်ထင်တယ် အတိအကျတော့ မသိပါဘူး၊ ကား ၂ စီးနှင့် ဝင်လာပြီးတော့ စစ်ဆေးတာတွေ လုပ်တယ်။ ဆိုင်ကယ်လိုင်စင်စစ်တယ်။ မှတ်ပုံတင်စစ်တာတွေရှိတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ထိုသို့ မြောက်ဦးမြို့ထဲကို စစ်ကောင်စီတပ်သားများ မကြာခဏ ဝင်ရောက်ပြီး စစ်ဆေးမှုများ ရှိသော်လည်း ယနေ့ကဲ့သို့ အင်အား ၁၀၀ ကျော်ထိ မများခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့ မနက် ၇ နာရီ ၄၅ မိနစ်ခန့်ကလည်း စစ်ကောင်စီစစ်သားများသည် စစ်ကား ၄ စီးဖြင့် ဝင်ရောက်ပြီး စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း မြောက်ဦးမြို့ ထမရာဇ်ရပ်ကွက်ထဲကို စစ်ကောင်စီတပ်အင်အား ၄၀ ကျော်ဖြင့် ဝင်ရောက်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်အနေဖြင့် လူနေ မြို့ပေါ်ရပ်ကွက်ထဲဝင်ရောက်ပြီး မှတ်ပုံတင် စစ်ဆေးခြင်း၊ လိုင်စင်များ စစ်ဆေးခြင်းများ ပြုလုပ်နေခြင်းမှာ အပြစ်မဲ့ ပြည်သူများကို အပြစ်မရှိ အပြစ်ရှာပြီးအနိုင်ကျင့်ခြင်းဖြစ်နေပြီး၊ တည်ငြိမ်နေသည့် မြောက်ဦးတွင် စစ်မက် ဖြစ်လို၍ ပြုလုပ်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ ဗမာတပ်က မြို့ထဲကို ခဏခဏဝင်ပြီး အင်အားပြ စစ်ဆေးတာတွေက အပြစ်မဲ့ပြည်သူကို အပြစ်ရှာနေတာြဖစ်တယ်။ ဒါဟာ လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်နေတာဖြစ်တယ်လို့ မြင်ပါတယ်။ ပြီးတော့ မြောက်ဦးက စစ်ဖြစ်လို့ ရတဲ့ နေရာမဟုတ်ဘူး ရှေးဟောင်း အမွေအနှစ်နေရာဖြစ်တယ်။ ဒီလိုနေရာမှာ စစ်ကောင်စီက ခုလိုလုပ်နေတာက စစ်မက်လိုလားလို့ လုပ်နေတာဖြစ်နိုင်တယ်” ဟု ၎င်း၏အမြင်ကို ပြောသည်။

မြောက်ဦးတွင် စစ်ကောင်စီတပ်သည် ရှေးဟောင်းဘုရားရှိ တောင်ကုန်းများတွင် လက်နက်ကြီးတပ်စခန်းများချပြီး လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ထိုရှေးဟောင်းနေရာမြေများတွင် ကတုတ်ကျင်းများ တူးဖော်ခြင်းကို လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ-နိရဥ္ဇရာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ