Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့တွင် လမ်းမီးပွိုင့်ကို စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း စစ်ကောင်စီပြော

ABN – သူရမောင်

မြောက်ဦးမြို့တွင် တပ်ဆင်ပြီးစီးနေပြီဖြစ်သည့် လမ်းမီးပွိုင့်ကို စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောကြားခဲ့သည်။

မြောက်ဦးမြို့ တောင်ရပ်ရပ်ကွက် ကုန်သည်လမ်းခွဆုံတွင် တပ်ဆင်ထားသည့် လမ်းမီးပွိုင့်ကို လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စတင်အသုံးပြုမည်ဖြစ်ကြောင်း ပြောဆိုထားခြင်းဖြစ်သည်။

မီးပွိုင့်ကို အသုံးပြုသော်လည်း လျှပ်စစ်မီး ပုံမှန် မလာသည့်အတွက် မီးပွိုင့်မှာ အကျိုးရှိမည်မဟုတ်ဟု မြင်ကြောင်း မြောက်ဦးမြို့ ဒေသခံ တစ်ဦးက ၎င်းအမြင်ကို ပြောသည်။

“သူတို့ကတော့ ၁၂ ရက်နေ့စမယ်လို့ပြောထားတာရှိပါတယ်၊ ဒါပေမဲ့ မီးက ဒီလောက်ထိပြတ်နေတော့ မီးပွိုင့်က အလုပ်ဖြစ်မယ်လို့ သိပ်မထင်ပါဘူး” ဟုပြောသည်။

ရခိုင်တွင် လျှပ်စစ်မီးပြတ်တောက်မှုမှာ တစ်ရက်လျှင် ၁၀ နာရီခန့်ပြတ်တောက်နေခြင်း၊ ပြတ်တောက်ချိန်များမှာလည်း နေ့ဘက်အချိန်များတွင်သာဖြစ်သည့်အတွက်ကြောင့် ရခိုင်ပြည် မြို့ကြီးအချို့တွင်ရှိသည့် မီးပွိုင့်များမှာ ကောင်းမွန်စွာအလုပ်မလုပ်နိုင်ဘဲ ဖြစ်နေပြီး ယာဉ်မတော်တဆမှုများမှာလည်း မကြာခဏဖြစ်ပွားလျက်ရှိကြောင်း စစ်တွေမြို့မှ မြို့ခံတစ်ဦးဖြစ်သည့် ကိုမျိုးမင်းထွန်းမှ ပြောသည်။

“မီးပျက်တဲ့အချိန်က နေ့ဘက်တွေမှာပျက်တာကများတယ်၊ မီပျက်တော့ မီးပွိင့်တွေက အလုပ်မလုပ်ဘူး၊ အဲဒီတော့ ယာဉ်တွေက တစ်စီးနှင့်တစ်စီး တိုက်မိတာတွေရှိတယ်၊ တခါတလေ အရမ်းကို ဆိုးဆိုးရွားရွား ဖြစ်သွားတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။

မြောက်ဦးမြို့တွင် မီးပွိင့်တပ်ဆင်မှုနှင့် ပတ်သက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ တင်ပြချက်အရ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မီးပွိင့် ၂ ခုတင်ပြထားခဲ့သော်လည်း တစ်ခုတည်းသာချပေးသည့်အတွက်ကြောင့် ကုန်သည်လမ်းခွဆုံကို ဦးစားပေးတပ်ဆင်လိုက်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အများပြည်သူ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းရှိလာအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြောက်ဦးမြို့ စည်ပင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့ ကျွန်တော်တို့ မြောက်ဦးမြို့မှာ မီးပွိင့်တွေလိုအပ်နေပါတယ်ဆိုပြီးတော့ အထက်ကို မီးပွိင့် ၂ ခုတင်ထားခဲ့တာပါ၊ ရုံးကြီးလမ်းဖက်ကိုဝင်တဲ့နေရာရယ်၊ ဒီကုန်သည်လမ်းခွဆုံရယ်၊ အဓိက ယာဉ်အန္တရာယ်ဖြစ်တဲ့နေရာတွေမှာပေါ့၊ ဒါပေမဲ့ ကျလာတော့ တစ်ခုပဲကျလာတယ်၊ ကျွန်တော်တို့ကလည်း ဒီနေရာကို ဦးစားပေးပြီး လုပ်လိုက်တာပါ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ တင်ပြမှုအပေါ်မှာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ လှုံ့ဆော်မှုနဲ့ ဒီမြောက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ကောင်းအောင်တော့လုပ်တာပေါ့” ဟု ဆိုသည်။

မြောက်ဦးမြို့တွင် လမ်းမီးပွိုင့်များကို ပြီးခဲ့သည့် ဇန်နဝါရီလလယ်ပိုင်းက စတင်တပ်ဆင်ခဲ့ပြီး ယခုလ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စတင်အသုံးပြုမည်ဖြစ်သည်။

မြောက်ဦးမြို့တွင် လမ်းမီးပွိုင့်ကို စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း စစ်ကောင်စီပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ