Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့တိုက်ပွဲ မှတ်တမ်း (ဒီဇင်ဘာ ၂၄ မှ ၂၆ ရက်နေ့အထိ)

 မြောက်ဦးမြို့တိုက်ပွဲ မှတ်တမ်း (ဒီဇင်ဘာ ၂၄ မှ ၂၆ ရက်နေ့အထိ)

AB News- ဒီဇင်ဘာလ ၂၇၊ ၂၀၂၃

မြောက်ဦးမြို့တွင်း တိုက်ပွဲကို ဒီဇင်ဘာလ ၂၄ရက်နေ့ အရုဏ် ၃နာရီ ၂၀ မိနစ်ခန့်မှ စ၍ စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေအထိ မြောက်ဦးမြို့တွင် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ရှိနေသည်။

တိုက်ပွဲ ၃ ရက်မြောက်သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မြောက်ဦးမြို့ရှိ ခရိုင်ရဲစခန်းအား ရက္ခိုင်တပ်တော်က အပြီးပိုင် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဟု ရက္ခိုင့်တပ်တော်က ကြေညာခဲ့သည်။

မြောက်ဦးတိုက်ပွဲ ပထမနေ့ ဒီဇင်ဘာ၂၄ရက်‌နေ့တွင် စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့သည် မြောက်ဦးမြို့ ‌ငွေတောင်ပေါက်ရဲစခန်းနှင့် သူတော်မတောင်စခန်း တို့တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက် စစ်ကောင်စီတပ်ရင်း ခမရ ၅၄၀၊ ခမရ ၃၇၇၊ ခမရ ၃၇၈ တို့မှ နံနက် ၄ နာရီ ၃၅မိနစ်ခန့်မှ စ၍ မြောက်ဦးမြို့အတွင်းရှိ အရပ်သားပြည်သူများနေထိုင်သည့် ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သောကြောင့် မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်က ၃ဦးနှင့် မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောရွာမှ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆင်ချဆိပ်ရပ်ကွက်မှ ၁ဦးသေဆုံးခဲ့သည်။

သေဆုံးခဲ့သူမှာ ဆင်ချဆိပ်ရပ်ကွက်မှ ဦးလင်းဇော်ထွန်း အသက် ၂၉နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ရွာဟောင်းတောရွာမှ ဦးမောင်မောင်သိန်း ၄၀နှစ်နှင့် ဦးစောဝင်း ၄၃နှစ်၊ ဆင်ချဆိပ်ရပ်ကွက်မှ ဦးပေါက်စချေ ၃၉နှစ်၊ မောင်မျိုးလင်းထွန်း ၁၄နှစ်၊ မဝတီလှိုင် ၁၉နှစ်တို့ဖြစ်သည်။

ဒီဇင်ဘာလ ၂၄ရက် မွန်းလွဲ ၁နာရီ မိနစ် ၃၀ခန့်က မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၇၇တပ်ရင်းမှ ‌မြောက်ဦးမြို့ခံ ၉ ဦးအား လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ယူသွားခဲ့သည်။ ဖမ်းဆီးခံရသူမှာ မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက် ကိုဝေလင်းချေ ၂၅နှစ်၊ ဦးမောင်လှဘု ၃၅နှစ်၊ ဦးအောင်တင်ရွှေ ၅၀နှစ်၊ အမည်မသိသူ ၃ဦးနှင့် ဗန္ဒုလရပ်ကွက်မှ ၃ဦးတို့ဖြစ်သည်။

တစ်ရက်တည်းမှာပင် နေ့လည် ၂ နာရီကျော်အချိန်၌ မြောက်ဦးမြို့၊ ဆင်ချဆိပ် ရပ်ကွက်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် မိသားစု၃ဦးမှာ စစ်ကောင်စီအဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ခဲ့သောကြောင့် ဦးစံမောင် ၃၅နှစ်နှင့် ဇနီး ဒေါ်လှလှသန်း၂၆နှစ် တို့သေဆုံးပြီး အသက် ၅ နှစ်အရွယ် သမီးဖြစ်သူခင်စောဝေ၏ ဘယ်ဘက်လက်နှင့် ဦးခေါင်းတို့တွင် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ဘယ်ဘက်လက်အား ဖြတ်တောက်လိုက်ရသည်။

ထို့အပြင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များမှာ လေးမျက်နှာပုထိုးတော်အနီး မြတန်ဆောင်းစစ်ဘေးရှောင်စခန်းအရှေ့တွင် ကျရောက်ပေါက်ကွဲသောကြောင့် အသက် ၂၂ နှစ်အရွယ် မောင်သန်းမြင့်ထူး၏ တင်ပါးတွင် ကျည်စထိမှန်ပြီး ပြင်းထန်ဒဏ်ရာရှိခဲ့သည်။ ၎င်းနေ့တွင် စစ်ကောင်စီအဖွဲ့သည် ရည်ရွယ်ချက်ရှိရှိဖြင့် မြောက်ဦးမြို့ထဲသို့ လက်နက်ကြီးအကြိမ် ၁၀၀ကျော်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲဒုတိယနေ့ ဒီဇင်ဘာလ ၂၅ရက် နံနက် ၅နာရီကျော် ခန့်တွင် စစ်ကောင်စီအဖွဲ့သည် မြောက်ဦးမြို့ နန်းရာကုန်းပေါ်တွင်တည်ရှိသည့် ရက္ခိုင်တို့၏တန်ဖိုးထားရသော ‌ရှေး‌ဟောင်းယဉ်ကျေးမှုပြတိုက်ကို လက်နက်ကြီးများဖြင့်ပစ်ခတ်ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် ယဉ်ကျေးမှုပြတိုက်အတွင်း နှစ်ပေါင်း ၁၀၀နှင့်အထက် ရက္ခိုင့်ဘုရင့်နိုင်ငံကာလတုန်းကအသုံးပြုခဲ့သော နန်းတွင်းအသုံးအဆောင်ပစ္စည်းများ၊ သမိုင်းမှတ်တမ်း‌ ကျောက်စာတိုင်များ၊ ရှေးဟောင်းလက်နက်များ၊ ‌ရှေ့ဟောင်းရွှေဒင်္ဂါးပြားများ၊ ရှေးခေတ်ကျောက်ဆစ်လက်ရာများ နှင့် ကြေးထည်များမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဒီဇင်ဘာလ ၂၅ရက် နေ့လည် ၂နာရီကျော်အချိန်ခန့်တွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ဆင်ချဆိပ်ရပ်ကွက်မှ ဦး မောင်မောင်သိန်း ၄၀နှစ် သေဆုံးခဲ့ပြီး ဦးထွန်းဖြူသာ ၄၃နှစ်၊ မမြတ်မြတ်သွယ် ၁၁နှစ်၊ မခင်စိုးဝင်း ၁၈နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဆင်ချဆိပ်ရပ်ကွက် ရွာသစ်မှ အမိဖြစ်သူ ဒေါ်မအောင်စိန် အသက် ၅၆ နှစ်၊ သားဖြစ်သူ ဦးသိန်းသိန်းလှိုင် အသက် ၃၀ နှစ်တို့သည် ဒီဇင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ၎င်းတို့၏ ရုပ်အ‌လောင်းကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ သူတို့၏ နေအိမ် နောက်ဖေးရှိ အဆောင်တွင် ကျည်ထိ ဒဏ်ရာဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၆ရက် မွန်းလွှဲ ၁နာရီကျော်တွင် စစ်ကောင်စီအဖွဲ့ခမရ ၃၇၇ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်သည် ဦးမောင်ဘုနှင့် မိသားစု စစ်ဘေးရှောင်နေသည့် လယ်တဲအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အုပ်ချုပ်ရေးမှူး ဦးမောင်ဘုမှာ ၎င်းနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထို့အပြင် ညနေ ၄နာရီခွဲအချိန်တွင် စစ်ကောင်စီအဖွဲ့သည် မြောက်ဦးမြို့နှင့် အနီးအနားရှိကျေးရွားများအား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သောကြောင့် ဆင်ချဆိပ်ရပ်ကွက်မှ နေအိမ် ၁လုံး မီးလောင်ခဲ့သည့်အပြင် ထမ္မရဇ်ရပ်ကွက်ရှိ စကစ ခရိုင်ရုံးနှင့် မြို့နယ်ထွေအုပ်ရုံးတို့ လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့သည်။

ယင်းနေ့ ညနေ ၇နာရီခွဲအချိန်တွင် မြောက်ဦးမြို့ ဘုရားပေါ်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီအဖွဲ့မှ ဒရုန်းဖြင့် လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ဦးနှင့် အသက်ကြီးအရွယ် အမျိုးသမီး ၁ဦးသေဆုံးခဲ့ပြီး ၂ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးခဲ့သူများမှာ မယုလှိုင်မိုး ၁၀နှစ်၊ အေးထွန်းနိုင် ၃နှစ်၊ မအေးသန်းကြည် ၁၁နှစ်၊ ကျော်မင်းစိုး ၉နှစ်၊ ဒေါ်စိန်ဝါနု အသက် ၅၂နှစ်တို့ဖြစ်ပြီး ၊ ထိခိုက်ဒဏ်ရာရရှိသူများမှာ ဒေါ်ဦးဆန်းနွယ် ၃၀နှစ်နှင့် ဒေါ်အကျော့မေ ၄၅နှစ်တို့ဖြစ်သည်။

စစ်ကောင်စီအဖွဲ့မှ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့်လူသားမဆန်စွာ လက်နက်ကြီးများ၊ တိုက်လေယာဥ်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုများကြောင့် မြောက်ဦးမြို့မှ အရပ်သားပြည်သူ ၅သောင်းခန့်မှာ စစ်ဘေးလွတ်ရာ‌ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရက္ခိုင့်တပ်တော်မှ တိုက်ပွဲ ၃ရက်တာကာလအတွင်း မြောက်ဦးမြို့ရှိ ခရိုင်ရဲစခန်းအားသိမ်းပိုက်ထားလိုက်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ ခရိုင်ရဲစခန်းအနီးတွင် မြို့နယ်/ခရိုင် ဆေးရုံ၊ မြို့နယ်/ခရိုင် ထွေအုပ်ရုံး၊ မြို့နယ် စီးပွားရေးဘဏ်၊ မြို့နယ် စုံစမ်းစစ်ဆေးရေးရုံး၊ မြို့နယ်/ခရိုင် တရားရုံး၊ ကော်မရှင်ရုံး၊ ဆောက်လုပ်ရေးရုံး စသည့် ဌာနဆိုင်ရာရုံးများ တည်ရှိနေသည်ကိုတွေ့ရှိရသည်။

ဒီဇင်ဘာလ ၂၄ရက် မှ ၂၆ရက်နေ့ထိ စစ်ကောင်စီအဖွဲ့နှင့်ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့မှ လက်နက်ကြီးများ၊ ဒရုန်းများ၊ တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြောက်ဦးမြို့မှ အပြစ်မဲ့ပြည်သူ ၁၄ဦးသေဆုံးခဲ့ပြီး ၁၈ ဦးထက်နည်း ဒဏ်ရာရရှိခဲ့ကာ အိုးအိမ်၊ တိုက်တာများ ပျက်စီးဆုံးရှုံး ခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ