Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးနှင့် မင်းပြားမြို့များတွင် စစ်ကောင်စီအဖွဲ့က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်၊ ၁၈နှစ်အောက်အမျိုးသား ၁ဦး ဒဏ်ရာရ၊ စာသင်ကျောင်း ၁ကျောင်း ပျက်စီး

မြောက်ဦးနှင့် မင်းပြားမြို့များတွင် စစ်ကောင်စီအဖွဲ့က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်၊ ၁၈နှစ်အောက်အမျိုးသား ၁ဦး ဒဏ်ရာရ၊ စာသင်ကျောင်း ၁ကျောင်း ပျက်စီး

AB News – မတ်လ ၁၆၊ ၂၀၂၄

ရက္ခိုင်ပြည်ရှိ၊ မြောက်ဦးနှင့် မင်းပြားမြို့ကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၈နှစ်အောက်အမျိုးသား ၁ဦး ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်း ၁ကျောင်းလည်း ပျက်စီးခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယနေ့ မနက် ၇နာရီခန့်အချိန်တွင် မြောက်ဦးမြို့နယ်ရှိ၊ ပုရိန်‌ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၁၃နှစ်အရွယ် မူဆလင်အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ၁ဦးက အတည်ပြုပြောဆိုသည်။

“ဒီနေ့မနက်က မြောက်ဦးမြို့နယ်က ရွာတွေကို ဗုံးကြဲခဲ့တယ်။ ပုရိန်ရွာမှာတော့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်။ ဗုံးဆံထိမှန်ပြီး အမျိုးသားငယ် ၁ဦး ထိခိုက်ဒဏ်ရာရရှိတယ်။ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်” ဟု ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူမှာ မြောက်ဦးမြို့နယ်၊ ပုရိန်ရွာမှ ၁၃နှစ်အရွယ် မောင်နုရ်ဟာန်နော်ဒိန် ဖြစ်ကြောင်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့က Jet Fighter အသုံးပြုကာ မင်းပြားမြို့ကို ယနေ့ မတ်လ ၁၆ရက်နေ့၊ မနက် ၉နာရီကျော်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မင်းဘာကြီးရပ်ကွက်မှ အလယ်တန်းကျောင်း(ခွဲ)၌ ခြံစည်းရိုးအုပ်နံရံများ၊ စာသင်ခန်းများ ပျက်စီးသွားခဲ့သည်ဟု မြို့ခံ ၁ဦးက အတည်ပြုပြောဆိုသည်။

“Jet Fighter ဟာ မြို့အပေါ်ပျံသန်းလာပြီး မင်းဘာကြီးစာသင်ကျောင်းကို ဗုံးကြဲသွားတယ်။ ကျောင်းကတော့ အားလုံးပျက်စီးသွားတယ်။ ရပ်ကွက်သားတွေက စစ်ရှောင်နေတော့ အန္တရာယ်ကင်းသွားတယ်။ နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့အတွက် အိမ်မှာလည်း မနေရဲကြဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၆ရက်နေ့ကလည်း စစ်ကောင်စီအဖွဲ့သည် မင်းပြားမြို့နယ်၊ အမ်းသားရွာရှိ စာသင်ကျောင်းကို ပေါင် ၂၀၀ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းတစ်ခုလုံး ပျက်စီးသွားခဲ့ရသည်။

ထို့အပြင် ဖေ‌ဖော်ဝါရီ ၂၆ရက်နေ့၊ ညဉ့်အချိန်တွင် မင်းပြားမြို့နယ်၊ သေကန်ကျေးရွာကို စစ်ကောင်စီအဖွဲ့က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ပျက်စီးခဲ့ရသည့်အပြင် ရွာသား ၃၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရက္ခိုင်ဒေသအတွင်း စစ်ရှုံးနေသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများနေထိုင်သည့် မြို့၊ ရွာများကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ပြည်သူများ အသက်အိုးအိမ်၊ တိုက်တာများ ဆုံးရှုံးလျက်ရှိနေသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ