Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် အမျိုးသားတစ်ဦး ဦးခေါင်းကို မိုင်းခွဲကျောက်ဖြင့် ရိုက်နှက်ခံရပြီး ၃ တန်ချုပ်ထားရ

မြောက်ဦးတွင် အမျိုးသားတစ်ဦး ဦးခေါင်းကို မိုင်းခွဲကျောက်ဖြင့် ရိုက်နှက်ခံရပြီး ၃ တန်ချုပ်ထားရ

AB News-ဟိန်းထွန်း

အောက်တိုဘာ ၁ ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ဘုရားပေါ် စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် အငှားအလုပ်သမားတစ်ဦးကို အလုပ်ပိုင်ရှင်မှ မိုင်းခွဲကျောက်ဖြင့်ရိုက်နှက်ခဲ့မှုကြောင့် ဦးခေါင်း ကွဲသွားကာ ၃ တန်ချုပ်ထားရကြောင်း သိရသည်။

ရိုက်နှက်ခံသူမှာ အဖ ဦးဟန်သိန်း၏သား အသက် ၂၅ နှစ်အရွယ် မောင်ဇော်ဇော်ဝင်းဖြစ်ပြီး မြောက်ဦးမြို့နယ် ချောင်းသစ်ရွာ ဇာတိဖြစ်ပြီး ဘုရားပေါ် ဒုက္ခသည်စခန်းတွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။

၎င်းသည် ယမန်နေ့ည ၆ နာရီခန့် က ဂဏန်းသွားရောင်းရန်လမ်းတွင် အလုပ်ပိုင်ရှင်မှ ဘုရားပေါ်ဘုန်းကြီးကျောင်းလမ်းမှဖြတ်ကူးပြီး လက်ဖဝါးခန့်ရှိသည့် မိုင်းခွဲ ကျောက်တုံးဖြင့် ရိုက်နှက်ခဲ့မှုကြောင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ရိုက်နှက်ခံရသည့် အမျိုးသားက ABN သို့ အတည်ပြုပြောသည်။

“ဂဏန်းရောင်းဖို့သွားတာပါ၊ သူကလမ်းဖြတ်ပြီး လက်ဖဝါးလောက် ရှိတဲ့ မိုင်းခွဲ ကျောက်နဲ့ ကျနော့်ကို ထုပါတယ်၊ ထိပ်ကွဲသွားတယ် ၊ မထနိုင်တော့ “ဘူး ဟု ဆိုသည်။

ရိုက်နှက်သူသည် အဖဦး ဖြူသိန်း၏သား အသက် ၃၆ နှစ်ကျော်အရွယ် ပန်းရံဆရာ ဦးမောင်မောင်သိန်းဖြစ်ပြီး မင်းပြားမြို့ သပြေညိုရပ်ကွက်ဇာတိဖြစ်ကာ မြောက်ဦးရှိ ပြင်စျေးတွင် ၎င်း၏ ဇနီးနှင့် ပြောင်းရွှေ့နေထိုင်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ရိုက်နက်ခံရသည့်သူသည် ပန်းရံဆရာ ဦးမောင်မောင်သိန်းထံတွင် ရက်ကျအငှားလိုက်နေသူများဖြစ်ပြီး ရန်စရန်ငြိုးများလည်းမရှိကြောင်း သိရသည်။

မောင်ဇော်ဇော်ဝင်းအပါအဝင် အလုပ်သမား ၆ ယောက်နှင့်အတူ မင်းပြားမြို့နယ် ဆင်ကြီးပြင် ကျေးရွာ စစ်ကောင်စီ၏ ၃၈၀၊ ၃၇၉ တပ်မနားကိုသွားပြီး ၂ လခန့် အငှားသွားလုပ်ရာ၌ လုပ်အားခ လစာကို တောင်းရာတွင် ပိုင်ရှင်က မပေးသည့်အပြင် ယင်းမှာပင် ထမင်းငတ်ပြတ်ခဲ့မှုလည်း ရှိခဲ့ကြောင်း ရိုက်နှက်ခံရသူက ဆက်ပြောသည်။

“ကျနော်တို့ ၇ ယောက်က မင်းပြားမှာရှိတဲ့ စကစရဲ့ ဧရိယာအနားမှာ အလုပ်လုပ်ဖို့သွားပါတယ်၊ ၂ လလောက်ကြာတယ်၊ ကျနော်တို့လည်း သုံးဖို့ပိုက်ဆံမရှိလို့ အလုပ်ရှင်ဆီက လုပ်အားခကြေးတောင်းပါတယ်၊ သူကမပေးဘူး၊ ထမင်းငတ်တာလည်း ရှိတဲ့အတွက် မလုပ်ပဲပြန်လာတယ်” ဟု ဆိုသည်။

မြောက်ဦးကိုပြန်လည်ရောက်ချိန်တွင် လူ ၇ နှစ်ယောက်ရရှိမည့် ငွေကျပ် ၉ သိန်းကျော် ကို ၎င်းတို့ကိုယ်တိုင် အလုပ်ရှင်အိမ်ကိုသွားပြီး ၂ ကြိမ်ထက်မနည်း တောင်းရာတွင် အလုပ်ရှင်မှ တစ်ပြားတစ်ချပ်မပေးသည့်အပြင် ဓားနှင့်ခုတ်ရန်လိုက်ကြောင်း ၎င်းတို့ပြောပြချက်အရသိရသည်။

ထိုအမှုဖြေရှင်းပေးရန်အတွက် ဘုရားပေါ်အုပ်ချုပ်ရေးမှူး မောင်ရွှေသိန်းထံသို့ သွားခဲ့ပြီး ၎င်းမှလည်း လုပ်အားခကိုပေးရမည်ဖြစ်ကြောင်းပြောဆိုခဲ့သော်လည်း အလုပ်ရှင်က မပေးကြောင်း သိရသည်။

ထပ်မံ၍ ရက္ခိုင့်တပ်တော်၏ နယ်မြေရုံးသို့ သွားပြီး သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ၅ ရွာအုပ်ရေးမှူးများနှင့် ညှိနှိုင်းခဲ့သော်လည်း တစ်စုံတစ်ရာထူးခြားမှုမရှိခဲ့ကြောင်း တွေ့ရသည်။

စက်တင်ဘာလအတွင်းက အဆိုပါကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်၏ နယ်မြေရုံးသို့သွား၍ တိုင်တန်းမှုများပြုလုပ်ခဲ့သည့်အတွက်ကြောင့် အလုပ်ရှင်မှ ၎င်းကိုတိုင်ရမည်လားဆိုပြီး အငြိုးထားက ဂဏန်းသွားရောင်းရန်လမ်းတွင် မိုင်းခွဲကျောက်တုံးစဖြင့် ထုရိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

“ဒီကိစ္စကိုကျနော်တို့ရုံးမှာသွားတိုင်ပါတယ်၊ အဲ့ဒါကိုသူအငြိုးထားတယ်၊ ကျနော်တို့ ဂဏန်းမြုံးထောင်ပြီး ရတဲ့ဂဏန်းတွေကို သွားရောင်းတယ်၊ လမ်းကဖြတ်ပြီး ရိုက်နှက်တယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်စခန်းမှ ၄ ဦး၊ ဘုရားပေါ်မှ ၃ ဦးတို့သည် ၎င်းတို့၏ အဆောက်အဦး လုပ်အားခငွေ စုစု ပေါင်း ၉ သိန်းကျော်ကို ပြန်လိုချင်ခြင်း၊ ခံဝန်ကတိတစ်စုံတစ်မရှိခြင်းအတွက် မိသားစုဝင်များက စိုးရိမ်နေကြောင်း သိရသည်။

ထိုအမှုကိုအတည်ပြုနိုင်ရန်အတွက် မြောက်ဦးမြို့ရှိ ULA/AA ၏ သက်ဆိုင်ရာနယ်မြေတရားရုံးက လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ဆောင်နေကြောင်း ဥပဒေအကျိုးဆောင်တစ်ဦးက ပြောသည်။

“လာတိုင်တာတော့ရှိပါတယ်၊ အမှုကတရားမမှု ဖြစ်ပါတယ်၊ လုပ်ထုံးလုပ်နည်းနဲ့အတူလုပ်နေပါတယ်၊ အချိန်အတိအကျတော့ မပြောနိုင်ဘူး၊ ရဲဌာနက အမှုစွဲတင်ရမယ် ” ဟု ဆိုသည်။

ဦးခေါင်း ကွဲအောင်ထိ ရိုက်နှက်ခံရမှုဖြစ်စဥ်ကြောင့် တရားခံကို ဖမ်းဆီးထားခြင်း ရှိ/မရှိ ABN က ဆက်လက်အတည်ပြုရန်အတွက် ရက္ခိုင့်တပ်တော် အမှတ် ( ၃) ရဲစခန်း၏ ရဲမှူးကို ဆက်သွယ်ခဲ့ရာ အမှုကို ဥပဒေအတိုင်း လုပ်ထုံးလုပ်နည်းနှင့်အတူ ဆောင်ရွက်ဖြစ်ကြောင်း၊ အပြင်သို့ခရီးလွန်နေ၍မအားသေးကြောင်း ပြောသည်။

အလုပ်သမားများသည် ၎င်းထံအလုပ်လုပ်ရန် စာချုပ်ချုပ်ဆိုထားခြင်း တစ်စုံတစ်ရာမရှိဘဲ ရက်ကျအလုပ်လုပ်နေကြရသူများဖြစ်သည့်အပြင် ထမင်းငတ်နေ့ရက်များရှိသည့်အတွက်ကြောင့် ပြန်လာခြင်းဖြစ်သည်ဟုဆို၏

ဒဏ်ရာပြင်းထန်သည့်အတွက်ကြောင့် မြောက်ဦးမြို့နယ် မြောင်းဘွယ်ကျေးရွာအနီးမှ ဆရာဝန် သန်းဇော်ဦး နှင့် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

လက်ရှိတွင် ကိုယ်ထိလက်ရောက် ကျုုးလွန်သူကို ဖမ်းဆီးခြင်း ရှိ/မရှိဆိုသည်ကို တိတိကျကျမသိရှိရသေးပေ။

လုပ်အားခငွေရရှိရန်အတွက် အမှန်တရားအတိုင်း ဆောင်ရွက်သင့်ကြောင်း၊ မဟုတ်လျှင် ပြန်ပြီးခြိမ်းခြောက်လာမည်ကို မိသားစုဝင်များက စိုးရိမ်နေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ