AB News-ဒီဇင်ဘာ ၂၆၊ ၂၀၂၃
ရက္ခိုင်ပြည် မြောက်ဦးမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး ယနေ့ နေ့လည် ၁ နာရီခန့်က စစ်ကောင်စီက ပစ်ခတ်သည့် ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဘု ဖြစ်သည်။
၎င်းသည် မြောက်ဦးမြို့ထဲတွင် နေလျှင် လက်နက်ကြီးကျည်ထိမည်စိုး၍ လယ်တဲတွင် မိသားစုနှင့်အတူ စစ်ဘေးရှောင်နေစဥ် အကြမ်းဖက် စစ်ကောင်စီ၏ ၅၄၀၊ ၃၇၇၊ ၃၇၈ တပ်ရင်းများမှ ပစ်ခတ်သည့် ကျည်ထိသဖြင့် သေဆုံးသွားကြောင်း နီးစပ်သူ တစ်ဦးက ပြောသည်။
“မြို့ထဲနေရတာမလုံခြုံဘူး။ လယ်တဲသွားနေမယ်ဆိုပြီး သွားနေတာပါ။ အဲဒါကို လက်နက်ကြီးကျည်က သူ့ဆီကျသွားသေးတယ်” ဟု ဆိုသည်။
သေဆုံးသွားသူ ဆင်ချဆိပ် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ခန္ဓာကိုယ်အနှံ့တွင် ကျည်စများ ထိမှန်သေဆုံးသွားသည်ကို တွေ့ရသည်။
၎င်း၏ ရုပ်အလောင်းအား မြောက်ဦးမြို့ ဆင်ချဆိပ်ရွာသစ်သို့ သယ်ယူလာခဲ့ကြကြောင်းလည်း သိရသည်။
ရက္ခိုင်တွင် တကျော့ပြန် တိုက်ပွဲများအတွင်း သေဆုံးသူ ၄၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်ထိ ရှိနေပြီဖြစ်သည်။