Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် ရက္ခိုင်လူမျိုးတို့၏ သမိုင်းဝင်အမွေအနှစ်များနှင့် ရိုးရာယဥ်ကျေးမှုလက်ရာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်အား ထိရောက်စွာ တုံ့ပြန်သွားမည်ဟု ULA/AA ထုတ်ပြန်

AB News – ဒီဇင်ဘာ ၂၆၊ ၂၀၂၃

ရက္ခိုင်လူမျိုးတို့၏သမိုင်းဝင်အမွေအနှစ်များနှင့် ရိုးရာယဥ်ကျေးမှုလက်ရာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်အား ထိထိရောက်ရောက် တုံ့ပြန်လုပ်ဆောင်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က ယမန်နေ့ ဒီဇင်ဘာလ ၂၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် “ရက္ခိုင်လူမျိုးတို့၏သမိုင်းဝင်အမွေအနှစ်များနှင့် ရိုးရာယဥ်ကျေးမှုလက်ရာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်အား ထိထိရောက်ရောက် တုံ့ပြန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့်လည်း လုပ်သင့်လုပ်ထိုက်သည်များကို ထိထိရောက်ရောက် တုံ့ပြန်လုပ်ဆောင်သွားမည်” ဟု ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ ၉ လက်အောက်ခံ မြောက်ဦးအခြေစိုက်တပ်ရင်းများဖြစ်ကြသော ခမရ ၅၄၀၊ ခမရ ၃၇၇၊ ခမရ ၃၇၈ တပ်ရင်းများနှင့် အမှတ် ၃၁ ရဲတပ်ရင်းတို့မှ ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအဆောက်အအုံတို့အား တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ရက်၊ နံနက် ၅နာရီခန့်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလူမျိုးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတို့ အကြားတွင် နှစ်ဖက်တိုက်ပွဲများမှာ နေစဥ်ဖြစ်ပွားနေပြီး ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ ယနေ့အချိန်ထိ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးတို့အပြင် အဘက်ဘက်တွင် ရှုံးနိမ့်နေသော စစ်ကောင်စီသည် ၎င်တို့ အရေးနိမ့်နေသည့်အချိန်တွင် အပြစ်မဲ့ပြည်သူများရှိရာ ရပ်ရွာမြို့ကြီးများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တမင်တကာ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရေကြောင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ယုတ်မာစွာ ပြုလုပ်လေ့ရှိသည်။ ထို့အပြင် ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းတို့ကိုလည်း ပြုလုပ်လေ့ရှိသည်ဟု ULA/AA က ဆိုသည်။

မြောက်ဦးယဥ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုကိုသိကာလျက် ယခုကဲသို့ ယုတ်မာညစ်ပတ်စွာဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုထားသည်။

စစ်ကောင်စီ၏ ယင်းနေ့ ဒီဇင်ဘာ ၂၅ရက်နေ့က တိုက်ခိုက်မှုဖြစ်စဥ်အတွင်း မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်အတွင်းမှ ရက္ခိုင့်အမွေအနှစ်အဖြစ် သတ်မှတ်ထားသည်သာမက ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ် တင်သွင်းထားသည့် တန်ဖိုးဖြတ်၍မရသော ရှေးဟောင်းသမိုင်းဝင် ယဥ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည့်အပြင် ဘုန်းတော်ကြီးကျောင်း ၃ကျောင်းပါ လက်နက်ကြီးကျည်ထိမှန်၍ ပျက်စီးခဲ့ရသည်။

လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ လူမျိုးတစ်မျိုး၏ ယဥ်ကျေးမှုအမွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခြင်း အစရှိသော စစ်ရာဇဝတ်မှုမျိုးစုံတို့ကို အကြိမ်ကြိမ်ကျူးလွန်ထားပြီးဖြစ်သည့် အကြမ်းဖက် စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် မိမိတို့ ရက္ခိုင်လူမျိုးများ အနေဖြင့် မည်သည့်အခါမှ မေ့ပျောက်၍ ရလိမ့်မည် မဟုတ်ဆိုသည်ကို ဖက်ဆစ်ဆန်သော အကြမ်းဖက်စစ်ကောင်စီအား သိစေအပ်ကြောင်း ULA/AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ