Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် ဘုန်းတော်ကြီးကျောင်းထဲ စစ်ဘေးရှောင်နေသူများ အကြမ်းဖက်စစ်ကောင်စီပစ်သည့် ကျည်ထိပြီး ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာပြင်းထန်ရ

AB News – ဇန်နဝါရီ ၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ အခြေစိုက် ၃၁ ရဲတပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး ဘုန်းတော်ကြီးကျောင်းအတွင်း စစ်ဘေးရှောင်နေသည့် အပြစ်မဲ့ ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အကြမ်းဖက် ဖက်ဆစ်စကစအဖွဲ့က ယနေ့ ဇန်နဝါရီလ ၁ ရက် ညနေ ၇ နာရီကျော်တွင် လက်နက်ကြီး ၃ လုံးထက်မနည်းပစ်ခတ်ခဲ့ရာ ရွှေဂူတောင် ဘုန်းကြီးကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲပြီး အုတ်နံရံအားဖောက်ထွက်ကာ ပုန်းခိုနေသော စစ်ဘေးရှောင်များထံ လက်နက်ကြီးကျည်စ ထိမှန်သွားခဲ့ကြောင်း မြို့ခံတစ်ဦးက AB News သို့ပြောသည်။

“သူတို့က လက်နက်ကြီးကို ကြောက်လို့ စစ်ဘေးရှောင်နေကြတာပါ၊ ၃၁ ရဲတပ်ရင်းက လက်နက်ကြီးတွေနဲ့ ရပ်ကွက်တွေပေါ်လှမ်းပစ်တော့ ဘုန်းကြီးကျောင်းရဲ့ အနီးမှာ ၁ လုံးကျရောက်ပေါက်ကွဲသွားတယ်၊ လက်နက်ကြီးက အုတ်နံရံကိုဖောက်ထွက်ပြီး လူကိုထိသွားတာပါ” ဟုဆိုသည်။

သေဆုံးသွားသူများမှာ ရွှေဂူတောင်ရပ်ကွက်မှ အသက် ၅၀ ကျော်အရွယ် ဒေါ်ဦးသိန်းနုဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၂၂ နှစ်အရွယ် မငြိမ်းဝင်း၊ အသက် ၅၁ နှစ်အရွယ် ဦးငဖြူအောင်၊ အသက် ၅၈ နှစ်အရွယ် ဦးဝင်းမြင့်အောင်၊ အသက် ၁၈ နှစ်အရွယ် မောင်မင်းသိန်းစိုးနှင့် အသက် ၄၀ ကျော်အရွယ် ဦးဝင်းဌေးတို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူ၏အလောင်းကို မြေမြုပ်သင်္ဂြိုလ်ရန်စီစဥ်နေပြီး ဒဏ်ရာ ရရှိခဲ့သူများကို နီးစပ်ရာဆေးရုံများတွင် ဆေးကုသမှုခံယူ နေရကြောင်း သိရသည်။

မြောက်ဦးမြို့တိုက်ပွဲအတွင်း သေဆုံးသူ ၂၀ ဦးထိရှိလာပြီး ဒဏ်ရာ ရရှိသူ ၂၈ ဦးထက်မနည်း ရှိလာပြီဖြစ်သည်။

အဖက်ဖက်မှ တိုက်ရည် ခိုက်ရည် ညံ့ဖျင်းနေသော အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ပြည်သူများကို AA ဟု သတ်မှတ်ပြီး ပစ်ခတ်လာသည့်အတွက် အပြစ်မဲ့ဒေသခံများမှာလည်း နေ့စဥ်ရက်ဆက် သေဆုံး၊ ဒဏ်ရာရလာနေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ