Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် ဆိုင်ခန်းများမှ အယပ်တွဲများကို မြောက်ဦးစည်ပင်မှ ဖျက်သိမ်း

ABN – သူရမောင်

မြောက်ဦးမြို့တွင် ဆိုင်ခန်းများရှေ့မှ ကျူးကျော်အရပ်တွဲများကို မြောက်ဦးစည်ပင်သာယာရေးအဖွဲ့မှ ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့မဈေးအနီးတဝိုက် ဈေးဆိုင်တန်းများမှ လမ်းပေါ်သို့ ထိုးထုတ်ကာ ဆောက်လုပ်ထားသည့် ဆိုင်ခန်းအယပ်တွဲများကို ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့စည်ပင်သာယာရေးအဖွဲ့မှ လာရောက်ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

လမ်းပေါ်သို့ ထိုးထွက်ကာ ဆောက်လုပ်ထားသည့် ဆိုင်ခန်းအယပ်စွန်းများကြောင့် လမ်းသွားလမ်းလာများနှင့် မော်တော်ယာဉ်များမှာ သွားလာရခက်ခဲမှုများရှိသည့်အတွက်ကြောင့် ထိုသို ဖြိုဖျက်လိုက်ရခြင်းမှာ ကောင်းမွန်ကြောင်း မြောက်ဦးမြိုမှ ဆိုင်ပိုင်ရှင်တစ်ဦးမှ ပြောသည်။

“အခုလို လုပ်လိုက်တော့ တစ်မျိုးကောင်းသွားတာပေါ့၊ မဟုတ်လို့ရှိရင် လမ်းသွားလမ်းလာတွေက လွတ်လွတ်လပ်လပ်မသွားရဘူး၊ ကားတွေ၊ ဆိုင်ကယ်တွေဆိုလည်း သွားရလာရ အရမ်းခက်ခဲတယ်၊ တခါတလေ ယာဉ်တိုက်မိတာတွေတောင် ရှိတော့ အခုလိုမျိုး ရှင်းလိုက်တော့ မြို့သူမြိုသားတွေအတွက် ကောင်းသွားတာပေါ့” ဟု ဆိုသည်။

ကျောက်တော်မြို့၊ မြို့မဈေးတွင်လည်း ဆိုင်ခန်းများမှ အယပ်စွန်းများတိုးချဲ့ချထားမှုကြောင့် လမ်းများကျဉ်းကျပ်ကာ သွားလာရခက်ခဲမှုများရှိနေကြောင်း ကျောက်တော်မြို့မှ ကိုအောင်မျိုးထွန်းက ပြောသည်။

“သူတို့က ဈေးတလျှောက်လုံး အရပ်စွန်းတွေချထားကြတာ၊ ဆိုင်ခန်းတွေ မလုံလောက်လို့နှင့်တူပါတယ်၊ သူတို့က အဲလိုများလုပ်ထားတော့ လမ်းတွေကလည်း ကျဉ်းကုန်ပြီ၊ ကျွန်တော်တို့ ကျောက်တော်ဈေးထဲက လမ်းတွေဆိုရင် ပုံမှန်အားဖြင့် ဆယ်ပေလောက်ကျယ်ပါတယ်၊ ဈေးသည်တွေက အခုလိုမျိုး အယပ်စွန်းတွေထုတ်လိုက်တော့ လမ်းတွေကလည်း ကျဉ်းသွားတယ်၊ ဈေးဝယ်သူတွေလည်း လွတ်လွတ်လပ်လပ်သွားလို့မရဘူးဖြစ်နေပါတယ်” ဟု ၎င်းကဆိုသည်။

ထိုသို့ ရခိုင်ပြည်ရှိ မြို့များထဲမှ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် စစ်တွေမြို့တိုတွင် ဈေးဆိုင်တန်းများမှာ လမ်းများ၊ ဈေးများတွင် အယပ်စွန်းများတိုးချဲ့ ရောင်းချမှုများကြောင့် လမ်းများကျဉ်းကျပ်ကာ ဈေးဝယ်သူများနှင့် မော်တော်ယာဉ်များမှာ လွတ်လပ်စွာ သွားလာ၍ မရဘဲရှိနေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ