ယနေ့နံနက်က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျွဲတဲရွာမှ ကျောင်းသူ/သားများ မူးလဲပြီး မင်းပြားမြို့နယ် မြောင်းဘွေဆေးရုံသို့ အရေးပေါ် တင်ပို့ထားရကြောင်း ကနဦးသတင်းရရှိသည်။
လက်ရှိရရှိထားသော စာရင်းအရ ဆေးရုံတင်ထားရသည့် ကျောင်းသူ ၁၂ ဦးရှိပြီး တချို့ကို နေအိမ်များသို့ ယူသွားကြကြောင်း သိရသည်။ ထို့အပြင် ကျောင်းကိုလည်း ယာယီပိတ်ထားလိုက်ရကြောင်း ဆရာမတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထိုကျောင်းသူများမှာ ကျွဲတဲရွာမှ မစိုးအေးမွန် ၁၃ နှစ်၊ မအေးစုမွန် ၁၃ နှစ်၊ မအိမြတ်ငြိမ်း ၁၅နှစ်၊ မဝိုင်းချစ်ပု ၁၄ နှစ်၊ မူချာရွာမှ မဝင်းနွယ်စိုး ၁၄ နှစ်၊ မခိုင်ခိုင်ဦး ၁၅ နှစ်၊ မနှင်းဦးလှိုင် ၁၃ နှစ်၊ တင်းပျင်းကြီးရွာမှ မမြင့်မြင့်ခိုင် ၁၄ နှစ်၊ လက်ပန်တောရွာမှ မမြအေးနွယ် ၁၅ နှစ်၊ ခမောင်းတက်ရွာမှ မစိုးသဇင် ၁၅ နှစ်နှင့် တခြားအမည်မသိ ကျောင်းသူနှစ်ဦးတို့ ဖြစ်ကြသည်။
မူလဲသွားရသည့်အကြောင်းရင်းကို သိရှိရန် မြောင်းဘွေဆေးရုံမှ ဆရာဝန်ကြီးအား ဖုန်းဆက်ကြည့်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
လက်ရှိအချိန်တွင် ထိုကျောင်းသူများကို မြောင်းဘွေဆေးရုံတွင် ဆေးကုသမှုပေးလျက်ရှိနေပြီး အပြင်လူအဝင်အထွက်များကိုလည်း ပိတ်ပင်ထားကြောင်းသိရသည်။ ထိုအထဲမှ တစ်ချို့ကျောင်းသူများမှာ အိမ်သို့ပြန်ပို့လိုက်ပြီဖြစ်ကြောင်းလည်း သတင်းရရှိသည်။





