Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံ-မင်းပြားသို့ လိုင်းကားပြေးဆွဲနေသည့် ကားသမားများအား စစ်ကောင်စီမှ ခေါ်ယူကာ သူတို့ထံတွင် အကြောင်းကြားပြီးမှသွားလာရမည်ဟု ပြော

ABN – ရှိုင်းမိုး၊ သူရမောင်

ရခိုင်ပြည်၊ မြေပုံမြို့တွင် မင်းပြား – မြေပုံသို့ ပြေးဆွဲနေသည့် လိုင်ကား ကားသမားများအား စစ်ကောင်စီမှခေါ်ကာ သူတို့ထံတွင် အကြောင်းကြားပြီးမှသာ သွားလာရမည်ဟု ပြောဆိုလိုက်ကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ မွန်းတည့် ၁၀ နာရီ ၃၀ တွင် မြေပုံမြို့မှ စစ်ကောင်စီတပ် ခလရ (၉၃) တပ်ရင်းမှ စီမံ (ဗိုလ်မှူး) ရဲကျော်သူအောင်နှင့် ဗိုလ်ကြီး အောင်ခင်မောင်တို့ ဦးစီးကာ မြေပုံမြို့ရှိ ကားသမားများအား မြေပုံကားဂိတ်သို့ ခေါ်ကာသတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

အစည်းအဝေးတွင် စစ်ကောင်စီတပ် စီမံဗိုလ်မှူး ရဲကျော်သူအောင်က မြေပုံ – မင်းပြားသို့ ပြေးဆွဲနေသည့် လိုင်းကားများမှာ လိုင်စင်မရှိသည့်ကားများဖြစ်ကြပြီး သူတို့ကိုလည်း လိုင်စင်မဲ့ကားများအား ဖမ်းဆီးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ သို့သော် သူတို့အနေဖြင့် မြို့အတွင်း နေလာသည်မှာ ကြာပြီဖြစ်သည့်အတွက် တစ်မြို့တည်းသားများကဲ့သို့ ဖြစ်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် လိုင်စင်မဲ့ကားများအား သူတို့အနေဖြင့် မဖမ်းဆီးခြင်းဖြစ်ကြောင်း အစည်းအဝေးတွင် ပြောခဲ့သည်ဟု အမည်မဖော်လိုသည့် ကားသမားတစ်ဦးက ပြောသည်။

“သူတို့ကို လိုင်စင်မဲ့ကားတွေကို ဖမ်းဖို့ အထက်က အမိန့်ကျထားပြီးသားလို့ပြောပါတယ်၊ ဒါပေမဲ့ သူတို့က မြို့ထဲမှာနေလာတာ ကြာပြီဖြစ်တဲ့အတွက် တစ်မြို့တည်းသားတွေလို သဘောထားတယ်၊ ဒါ့ကြောင့် မဖမ်းချင်ဘူး၊ သွားမယ်ဆိုလို့ရှိရင် သူတို့ဆီလာပြီးတော့ အကြောင်းကြားရမယ်လို့ ပြောပါတယ်၊ အကြောင်းမကြားဘူးဆိုရင် သူတို့အနေနဲ့ ကားတွေကို ဖမ်းရလိမ့်မယ်လို့ပြောပါတယ်” ဟု ပြောသည်။

အစည်းအဝေးသို့ မြေပုံမြို့ရှိ ကားသမား ၂၈ ဦးရောက်ရှိခဲ့ပြီး လိုင်စင်မဲ့ကားသမားများမှ တစ်လလျှင် ငွေ ၂၀၀၀၀ ကျပ်စီ ပေးဆောင်ရမည်ဟုလည်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရသည်။

မြေပုံ-မင်းပြားသို့ ပြေးဆွဲနေသည့် ကားသမားများမှာ ယာဉ်မောင်းလိုင်စင် လျှောက်ထားမှုများရှိသော်လည်း စစ်ကောင်စီအနေဖြင့် လိုင်စင်ထုတ်ပေးသေးခြင်းမရှိဟု ၎င်းကဆက်ပြောသည်။

“ကျွန်တော်တို့မှာ ယာဉ်မောင်းလိုင်စင်လျှောက်ထားတာတော့ရှိပါတယ်၊ သူတို့ဘက်က အခုထိတော့ ဘာမှ မပြောသေးပါဘူး၊ လိုင်စင်မရှိပဲ ခရီးသွားတဲ့အခါ သူတို့ကို အကြောင်းမကြားရင် ဖမ်းမယ်လို့တော့ပြောတယ်၊ လိုင်စင်တော့ မထုတ်ပေးပါဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန် တိုက်ပွဲကာလအတွင်း မြေပုံတွင် စစ်ကောင်စီရုံးတစ်ရုံးအား မိုင်းဖောက်ခွဲခံခဲ့ရမှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ကျော်သေဆုံးသွားခဲ့ရသည့် နေ့မှစ၍ မင်းပြား – မြေပုံလမ်းကို ပိတ်ထားခဲ့ပြီး ခရီးသည်တင်ကားများကိုလည်း စစ်ကောင်စီထံတွင် စာရင်းပေးပြီးမှသာ သွားလာခွင့်ရခဲ့သည်။

ယခုတစ်ကြိမ်တွင်လည်း စစ်ကောင်စီတပ်က လိုင်စင်မဲ့ကားများမှာ သူတို့အား အကြောင်းကြားပြီးမှသာ သွားလာခွင့်ရမည်ဖြစ်ကြောင်း ပြောဆိုလာခဲ့သည်။

ထို့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှစကာ မြောက်ဦးတွင် ဆိုင်ကယ်လိုင်စင် ထုတ်ပေးမှုများရှိခဲ့သည်။

မြေပုံ-မင်းပြားသို့ လိုင်းကားပြေးဆွဲနေသည့် ကားသမားများအား စစ်ကောင်စီမှ ခေါ်ယူကာ သူတို့ထံတွင် အကြောင်းကြားပြီးမှသွားလာရမည်ဟု ပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ