Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံအရှေ့ဘက်မြစ်တွင် စစ်ကောင်စီ စစ်သားနှင့် ရဲ ပူးပေါင်းပြီး ဒေသခံ ခရီးသွားရေယာဉ်များအား စစ်ဆေးနေသဖြင့် ခရီးသွားများမှာ အနှောင့်အယှက်ဖြစ်နေရ

ရခိုင်ပြည်၊ မြေပုံမြို့တွင် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်သားများပူးပေါင်းပြီး မြေပုံမြို့ သင်္ဘောဆိပ်မှနေ၍ အရှေ့ဖက်မြစ်အတွင်သွားလာနေကြသည့် ဒေသခံ ခရီးသွားရေယာဉ်များအား စစ်ဆေးနေသည့်အတွက် ခရီးသွားများမှာ အနှောင့်အယှက်ဖြစ်နေရကြောင်းပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီခန့်မှစကာ စစ်ကောင်စီတပ်မှ ဗျူဟာမှူး ၁ ဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ရဲတပ်သား ၄ ဦးတို့ပူးပေါင်းပြီး သင်္ဘောဆိပ်မှနေ၍ ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

“သူတို့က မနက် ၇ နာရီ ၈ နာရီလောက်ကတည်းက စထွက်ပြီး စောင့်ကြည့်ကြတာ၊ သူတို့ စစ်ချင်ရင် ခေါ်စစ်တယ်၊ ပြီးတော့ ပြန်လွှတ်ပေးတယ်၊ သူတို့က အဲလိုတွေလုပ်နေတော့ ကျွန်တော်တို့ ခရီးသွားသူတွေအတွက် လွတ်လပ်မှုမရှိတော့ဘူး၊ ငါ့ကိုရော ခေါ်စစ်ဦးမှာလား၊ ဘယ်သူ့ကို စစ်ဆေးဦးမှာလဲ၊ အဲလိုမျိုး အကြောက်တရားတွေနဲ့ပဲ သွားလာနေကြရတာ၊ အဲလို အကြောက်တရားမျိုးတွေ မလိုချင်တော့ပါဘူး လွပ်လွတ်လပ်လပ်ပဲ သွားလာချင်ပါတယ်” ဟု အမည်မဖော်လိုသည့် စက်လှေပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ဒေသခံ ခရီးသွားရေယာဥ်များအား ထိုကဲ့သို့ စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများမှာ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးမည်ကို စိုးရိမ်ကြောင့်ကြနေရသည်ဟု မြေပုံမြို့ခံ ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။

သူတို့က (စကစအဖွဲ့) ယုံရတာမဟုတ်ဘူး။ တနည်းမဟုတ် တနည်း ရခိုင်တွေကို ဒုက္ခပေးဖို့ပဲ ကြံနေတာ။ လူမျိုးမတူတဲ့ ရခိုင်တွေကိုထား လူမျိုးတူ ဘာသာတူ ကိုယ့်အချင်းချင်းတောင် အဲကောင် (စကစ)တွေက သတ်ဖြတ်နေကြတာ။ ဘကြီးတို့ကတော့ သူတို့ကို မယုံဘူး။ တခုခုလုပ်မှာကိုလည်း စိုးရိမ်တယ် ဟုပြောသည်။

ထို့အပြင် မြေပုံမြို့နယ် ကံသာရွာ ဓာတ်တော်တောင်တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှလည်း ကံသာရွာ အဝင်ဝတွင် ဂိတ်ချစစ်ဆေးမှုများကို ယခင်ကထက် ပိုမိုတင်းကျပ်စွာ စစ်ဆေးလာနေသည်ဟု ဒေသခံများက ပြောဆိုချက်အရ သိရသည်။

“အရင်ကတည်းက စစ်ဆေးတာတွေရှိတယ်၊ မှတ်ပုံတင်နှင့် ရွာဥက္ကဌ ထောက်ခံစာတွေကို ပါ မပါစစ်တာတွေရှိခဲ့ပါတယ်၊ ဒါပေမယ့် အရင်က ဒီလောက်ထိတော့ စစ်ဆေးမှုမများပါဘူး၊ အခုဆို မနက် ၇ နာရီက ညနေ ၇ နာရီ ၈ နာရီထိ စစ်ဆေးတာတွေရှိလာပါတယ်” ဟု ရွာသားတစ်ဦးက ABN သို့ပြောသည်။

၎င်းအပြင် စစ်တွေမြို့ ရွေပြည်တန် အမြန်ရေယာဉ်ဆိပ်နှင့် ဆတ်ရိုးကျ တံတားအောက်တို့ တွင်လည်း စစ်ကောင်စီတပ်သားများနှင့် ရဲများပူးပေါင်းကာ ခရီးသည်များအား မှတ်ပုံတင်စစ်ဆေးမှု၊ ခရီးသွားဘုတ်နှင့် စက်လှေများအား စစ်ဆေးမှုများကို လုပ်ဆောင်လျက်ရှိနေသည်။

ဓာတ်ပုံ-မြေပုံမြို့ဈေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

မြေပုံအရှေ့ဘက်မြစ်တွင် စစ်ကောင်စီ စစ်သားနှင့် ရဲ ပူးပေါင်းပြီး ဒေသခံ ခရီးသွားရေယာဉ်များအား စစ်ဆေးနေသဖြင့် ခရီးသွားများမှာ အနှောင့်အယှက်ဖြစ်နေရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ