Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့ အဝင်ဝတွင်ရှိသော ဓာတ်ဆီဆိုင်များကို ဖြိုဖျက်ရန် စစ်ကောင်စီတပ်က ဆိုင်ပိုင်ရှင်များအားခိုင်း

ရခိုင်ပြည်၊ မြေပုံမြို့တွင် စစ်ကောင်စီတပ်မှ မြေပုံမြို့အဝင် ဓာတ်ဆီဆိုင်များကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့ကစတင်ဖျက်သိမ်းခိုင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆိုင်ပိုင်ရှင်များမှာ ကိုယ့်ဆိုင်ကို ကိုယ်ဖြိုဖျက်ခိုင်းခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

မြေပုံမြို့ အဝင်ဝတွင် ဓာတ်ဆီဆိုင် စုစုပေါင်း ၁၂ ဆိုင်ကို စစ်ကောင်စီတပ် ဗျူဟာမှူးနှင့် စီမံဝန်ကြီးတို့က ဆိုင်အားလုံးကို ဖျက်သိမ်းခိုင်းဖြစ်ကြောင်းသိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ကစပြီး ဓာတ်ဆီဆိုင် ၃ ဆိုင်ကို စတင်ဖြိုဖျက်ခဲ့ရပြီး ယနေ့တွင် ဆိုင်အားလုံးကို ဖျက်ချနေရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဆိုင်အားလုံးက တစ်ဆယ်ကျော်လောက်တော့ရှိတယ်၊ အခုတော့ အားလုံးကို ဖြိုနေရတယ်၊ ဘာကြောင့်ဖြိုခိုင်းတာလဲတော့မသိဘူး၊ စစ်ကောင်စီတပ်က အထက်ကအမိန့်ကျလာလို့ ဖြိုခိုင်းလာတယ် လို့ပြောတယ်၊ မနေ့ကစပြီး ဖြိုကြတာ၊ သူတို့(ဆိုင်ရှင်)လည်း တစ်ညည့်လုံးဖြိုနေရတာ၊ အခုထိတောင် ဖြိုနေတုန်းပဲ” ဟု မြေပုံမြို့ခံ တစ်ဦးက ABN ကို ပြောသည်။

ထိုဓာတ်ဆီဆိုင်များမှာ မြေပုံအဝင်ဝ၌ ဆိုင်ခင်းချ ရောင်းချလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုခန့် ရှိနေပြီဖြစ်သည်။

မည်သည့်အကြောင်းကြောင့် ထိုဓာတ်ဆီဆိုင်များကို စစ်ကောင်စီတပ်က ဖြိုခိုင်းသည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့် ဧပြီလကလည်း အမ်းမြို့ဟောင်းနှင့် အောက်ရွာ တို့တွင် စစ်ကောင်စီမှ လူနေအိမ်နှင့် ဆိုင်ခန်းများကို ဖြိုဖျက်ခဲ့ပြီး စစ်တွေတွင်လည်း ရထားသံလမ်းဘေးတွင် နေထိုင်ကျသည့် စစ်ဘေးရှောင်နေအိမ်များကို စစ်ကောင်စီက အင်အားသုံးဖြိုချမှုများရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ