Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့ အငူမော်ကမ်းခြေအနီး တောင်ကုန်းတွင်ရှိသည့်ကျောက်များကို ထုခွဲရောင်းချခြင်းမပြုရန် ULA/AA တားမြစ်

ABN-နွယ်စိုး

သြဂုတ်-၂၃ ရက်

ရခိုင်ပြည်၊ မြေပုံမြို့ရှိ အငူမော်ကမ်းခြေအနီး တောင်ကုန်းတွင်ရှိသည့် ကျောက်တုံးများကို တောင်ပိုင်ရှင်မှ ထုခွဲရောင်းချနေသည့်အတွက် ULA/AA က တားမြစ်ခဲ့ကြောင်းသိရသည်။

မြေပုံမြို့၏သဘာဝအလှနှင့် အငူမော်ကမ်းခြေ၏လှပမှုကို ထိန်းသိမ်းကာကွယ်စေလိုသည့်အတွက် သက်ဆိုင်ရာ ULA/AA၏ အာရက္ခပြည်သူ့အစိုးရက တားမြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုတောင်ကုန်းရှိ ကျောက်များကို ထုခွဲလိုက်လျှင် ကမ်းခြေအလှပျက်သွားမည့်အပြင် ကမ်းခြေသွားသည့် လမ်းများပါ ပျက်သွားမည်ဖြစ်၍ မဖျက်ဆီးစေလိုကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“အဲ့ဒီကျောက်တွေကို ထုရင် ကမ်းခြေအလှတွေလည်း ပျက်သွားမယ်၊ နောက်ပြီး ကမ်ခြေရှိ ကျေးရွာတွေအနေနဲ့လည်း ဒုက္ခ ဖြစ်နိုင်ခြေရှိတယ်၊ ကမ်းခြေသွားတဲ့လမ်းတောင်ပျက်စီးနေတာပါ၊

ဖြစ်နိုင်ရင် မထုစေချင်ပါဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့က တောင်ပိုင်ရှင်ဖြစ်သည့် ဦးရွှေဘသည် ရက်ကျလုပ်သား၂ ယောက်နှင့်အတူ ထို ကမ်းခြေအနီးရှိ တောင်မှ ကျောက်များကို ထုခွဲခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ABN သို့ ပြောသည်။

အငူရွာသစ်၌ လမ်းပျက်နေသည့်အတွက် ကျောက်များကို လမ်းလုပ်ရန် ဝယ်ယူလာခြင်းကြောင့် ထိုကျောက်များကို ထုခွဲခဲ့ခြင်းဖြစ်ကြောင်း တောင်ပိုင်ရှင် ဦးရွှေဘက ပြောသည်။

ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် ရှေ့ဆက်ကျောက်ထုခွဲ ရောင်းချခြင်း မပြုလုပ်ဖို့ ULA/AA ၏အာရက္ခပြည်သူ့အစိုးရက တားမြစ်လိုက်သည်ဟုဒေသခံများ ပြောကြားချက်အရ သိရသည်။

ထိုသို့ တားမြစ်လိုက်သည့်အပေါ် တောင်ပိုင်ရှင် ဦးရွှေဘက “ကိုယ်ပိုင်သည့် ကျောက်များကို ထုခွဲ ရောင်းချခွင့်မရှိဘူးလား” ဟု AB News က သတင်းရယူစဥ် ပြောဆိုခဲ့သည်။

“ကျနော်ပိုင်တဲ့ ကျောက်တွေကိုထုတာ၊ ကိုယ်ပိုင်တဲ့ ကျောက်တွေကိုတောင် ထုခွင့်မရှိတော့ဘူးလား၊ နှစ်စဥ်နှစ်တိုင်း ထုလာတာ၊ ဒီနှစ်ကျမှလာတားတယ်၊ ကျနော့်မှာ ဒီကျောက်ထုပြီး လုပ်စားနေတာ၊ နောက်ပြီး ဘယ်ဌာနကလည်း တားတာမရှိဘူး၊ အရင်အစည်းအဝေးပြောထားတာလည်းရှိပါတယ် ကိုယ်ပိုင်တဲ့ ကျောက်တွေဆို ထုလို့ရတယ်။ သို့သော်လည်း ကမ်းခြေနားရှိ သဘာဝကျောက်တွေကို ထုပိုင်ခွင့်မရှိဘူးလို့ ပြောလို့ရှိတယ်” ဟု ပြောသည်။

ကျောက်များကို ထုခွဲရောင်းချခြင်း မပြုလုပ်ရန် တားမြစ်လိုက်သောကြောင့် စားဝတ်နေရေး အခက်အခဲရှိကြောင်း ၄င်းက ဆက်ပြောသည်။

“အငူရွာသစ်မှာ လမ်းပျက်နေလို့ ကျနော့်ဆီက လာဝယ်တယ်၊ ကျနော့်မှာလည်း ဒီကျောက်ထု ပြီးလုပ်စားနေတာ။ နှစ်တိုင်း ထုဖြစ်တယ်၊ အခုလို တားမြစ်လိုက်တော့ ကျနော့်စားဝတ်နေရေးအတွက် အခက်အခဲရှိတာပေါ့ဗျာ၊ စားဖို့သောက်ဖို့ ပိုက်ဆံမရှိရင် ULA/AAက လာပေးမလား” ဟု ဆိုသည်။

ကျောက်ထုသူသည် ယခင်ကပင် စစ်ကောင်စီနှင့် ညှိနှိုင်းမှုများရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့်အတွက် ကမ်းခြေအနီးရှိ တောင်မှ ကျောက်များကို ထုခွဲရောင်းချခြင်းမပြုရန် တားမြစ်ထားသည်ကို ချိုးဖောက်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဓာတ်ပုံ-မြေပုံအငူမော်ကမ်းခြေ/ဟိန်းထွန်း-AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ