Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ် င/မန်းရဲကျွန်းမှ မင်းပြားနယ် ကြပ်စင်ကျွန်းသို့ ရေဘေးရှောင်လာသူ ၂၀၀၀ ကျော်ထိရှိနေ၊ ULA/AA တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ပေးလျက်ရှိ

မြေပုံမြို့နယ် င/မန်းရဲကျွန်းမှ မင်းပြားနယ် ကြပ်စင်ကျွန်းသို့ ရေဘေးရှောင်လာသူ ၂၀၀၀ ကျော်ထိရှိနေ၊ ULA/AA တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ပေးလျက်ရှိ

ABN-ရှိုင်းမိုး

မြေပုံမြို့နယ် င/မန်းရဲကျွန်းရွာများမှ မင်းပြားမြို့နယ် ကြပ်စင်ကျွန်းရွာများသို့ ရေဘေးရှောင်ဒေသခံ ၂၀၀၀ ကျော်ထိရှိလာသည်ဟုသိရပြီး ULA/AA တပ်ဖွဲ့ဝင်များကလည်း ရေဘေးရှောင်များအား ကူညီကယ်ဆယ်ပေးလျက်ရှိသည်ကိုတွေ့ရသည်။

မင်းပြားမြို့နယ်ရှိ ရေဘေးရှောင်များရောက်ရှိနေသောရွာများမှာ သစ်ပုတ်တောင်ရွာတွင် ၄၀၀ ကျော်၊ ကျောက်ခုတ်ရွာတွင် ၆၀၀ ကျော်၊ မြောင်ချောင်းရွာတွင် ၄၀၀ ကျော်၊ ရန်တိုင်ရွာတွင် ၃၀၀ ကျော်၊ စအင်းရွာတွင် ၃၀၀ ကျော်၊ စုစုပေါင်း ဒေသခံ ၂၀၀ဝ ကျော်ရောက်ရှိနေသည်ဟုသိရသည်။

လက်ရှိတွင် ထိုဒေသခံများသည် ဆွေမျိုးများနေအိမ်တွင် ကပ်ခို၍နေကြသည်ဟုသိရသည်။ တချို့ဒေသခံများမှာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် နေထိုင်ကြသည်ဟုသိရသည်။

“ကျွန်တော်ရွာမှာတော့ ၄၀၀ ကျော်လောက်ရောက်လို့ရှိပါတယ်၊ ဒီနေ့လည်း ထပ်ပြီးရောက်နေကြပါတယ်၊ အခုလောလောဆယ်တော့ နေရာစီစဥ်ပေးထားတာမရှိသေးဘူး၊ ဒီတိုင်းဆွေမျိုးတွေ အသိတွေအိမ်မှာထားထားပါတယ်၊ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းမှာ နေရာစီစဥ်ပေးဖို့ရှိပါတယ်၊ စားဝတ်နေရေးလုံလောက်တဲ့ သူတွေကများပါတယ်၊ ဒါပေမယ့် အကြာကြီးနေရမယ်ဆိုရင် ရွာက ဆန်တွေဘာတွေ ကောက်ပေးဖို့စီစဥ်ထားပါတယ်” ဟုမြောင်ချောင်းအုပ်ချူပ်ရေးမှူးက ပြောသည်။

ထိုရေဘေးရှောင်ပြည်သူ ၂၀၀၀ ကျော်နေထိုင်သော င/မန်းရဲကျွန်းသည် မိုးရာသီရေကြီး၊ မိုးကြီးသည့်အချိန်တွင် လူနေအိမ်များကိုရေမြုပ်သည်ဟုသိရသည်။

ရေဘေးရှောင်လာသည့် ပြည်သူများအား ရက္ခိုင့်တပ်တော်က စက်လှေ၊ ဘုတ်များဖြင့် ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးလျက်ရှိသည်ကိုလည်း တွေ့ရသည်။

ထို့အပြင် အရေးပေါ် ကူညီကယ်ဆယ်နိုင်ရန်လည်း ရက္ခိုင့်တပ်တော်မှ အသင့်ပြင်ထားသည်ကိုလည်း တွေ့ရသည်။

ULA က ဖွဲ့စည်းထားသည့် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ကလည်း မုန်တိုင်းသတင်းများကို စဥ်ဆက်မပြတ် အသိပေးကြေငြာနေပြီး ကူညီကယ်ဆယ်ရေးများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေသည်။

မေလ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့များတွင် လိမ္မော်ရောင်အဆင့်ရှိ မိုခါမုန်တိုင်းသည် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့ အနောက်ဖက်သို့ ၁ နာရီလျှင် လေတိုက်ခတ်နှုန်း ၉၅ မိုင်မှ ၁၁၀ မိုင်အထိ ရှိလာနိုင်ကြောင်း မိုးဇလ ပညာရှင်များက ခန့်မှန်းထားကြသည်။

ထို့အပြင် မေလ ၁၄ ရက်​နေ့တွင် လေတိုက်ခတ်နှုန်း ၁ နာရီလျှင် ၁၆၅ ကီလိုမီတာ/ ၁၀၀ မိုင်အထိ ပိုမိုပြင်းထန်လာနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဂင်များက လေဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်မှုများ ပြုလုပ်နေသည်ကိုတွေ့ရစဥ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ